ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ခလရ ၂၃၆ ကာကင်းစခန်းကို KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး တပ်ရင်းမှူး ၁ ဦး ထိခိုက်ဒဏ်ရာရကာ စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဗန်းမော်မြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃၆ ကာကင်းစခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး ထိခိုက်ဒဏ်ရာရကာ စစ်သားများလည်း ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“မနေ့က ၂၃၆ တပ်ရင်းရဲ့ ကာကင်းတစ်ခုကို ထပ်သိမ်းလိုက်တယ်။ လက်နက်တွေလည်း ရတယ်။ စစ်ခွေးတွေဘက်က တပ်ရင်းမှူးတစ်ယောက်လည်း ဒဏ်ရာရတယ်။ အရှင် ဖမ်းမိတာတော့မရှိဘူး။ ခွေးတွေဘက်က ထိခိုက်မှုများတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် KIA ပူးပေါင်း တပ်ဖွဲ့များက ဗန်းမော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃၆ တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့သော်လည်း အကြမ်းဖက် စစ်တပ်က ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် KIA ပူးပေါင်း တပ်ဖွဲ့များ ခေတ္တပြန်လည်ဆုတ်ခွာပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဗန်းမော်တိုက်ပွဲများ ပြင်းထန်နေချိန် နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း ဗန်းမော်မြို့ အခြေစိုက် ခမရ ၃၂၀ မှ ဗိုလ်ကြီး အောင်ကိုကိုမှာ KIA နှင့် PDF တပ်များက ပစ်ခတ်လိုက်သော စနိုက်ပါ ကျည်ထိမှန်၍ သေဆုံးသွားကြောင်း၊ ဗိုလ်ကြီးအောင်ကိုကိုမှာ အသက် ၂၈ နှစ်အရွယ်ရှိပြီး စစ်တက္ကသိုလ်အပတ်စဉ် ၆၀ ကျောင်းဆင်းဖြစ်ကြောင်း၊ စနိုက်ပါ ထိမှန်သော ဗိုလ်ကြီးအောင်ကိုကိုမှာ ညာဘက်မျက်လုံး ကျွတ်ထွက်ရာမှာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။





