31 C
Yangon

မိုးမောက်ရှိ မြို့သစ်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်၊ ဝက်လက်တွင်လည်း စစ်ကြောင်းကက အမှတ် ၃ လမ်းပိုင်းကို ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ်၊ မိုးမောက်မြို့ မြို့သစ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က မိုးမောက်မြို့ မြို့သစ်ရွာကို လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ဒီနေ့ နံနက်ပိုင်းနဲ့ ညနေပိုင်းမှာ မိုးမောက်မြို့ ၊ မြို့သစ်ရွာ မင်းဂျမ်းရှမ်းကျောင်းကို စစ်ခွေးတွေ လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲသွားတယ်။ ပြည်သူတွေတော့ ထိခိုက်တာမရှိဘူး။ အဆောက်အဦးတွေ ထိခိုက်ပျက်စီးတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ၂၀၂၅ ခုနှစ်ပိုင်းကလည်း စစ်တပ်က မိုးမောက်မြို့နယ်၊ နန်းအီရှမ်းရွာနှင့် ဝက်ယင်းရွာ တို့ကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဝက်ယင်းရွာမှ အသက် ၅၃ နှစ်အရွယ် ဦးမောင်ဦး ၊ အသက် ၅၆ နှစ်အရွယ် ဒေါ်အိုက်ဆော ၊ အသက် ၂၅ နှစ်အရွယ် ဦးဆိုင်းလျန်း ၊ အသက် ၂၂ နှစ်အရွယ် ဒေါ်ချယ်ရီထွေး ၊ အသက် ၃ နှစ်အရွယ် မကာလိယ ၊ အသက် ၁၀ နှစ်အရွယ် မယွန်းမီမီဆား နှင့် အသက် ၉ နှစ်အရွယ် မောင်းအောင်လင်းထက် တို့ မိသားစုဝင် ၇ ဦးလုံးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အမှတ် ၃ ကားလမ်းပိုင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်တွင် ဝက်လက်မြိုနယ် အရှေ့ခြမ်း ရှားကွဲရွာထဲတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“အမှတ် ၃ လမ်းက တော်လှန်ရေးတပ်ဖွဲ့တွေ လမ်းပိုင်းပိတ်ထားတာ ၃ ရက်လောက်ရှိပြီး စစ်ခွေးတွေ စစ်ကြောင်းထိုးလာလို့ ပိတ်ထားတယ်။ ဒီနေ့တော့ စစ်ခွေးတွေက အမှတ် ၃ လမ်းပိုင်းကို ဒရုန်းနဲ့ ဗုံးကျဲနေတာ ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့တော့ သိရတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို ဝင်ရောက်မွှေနှောက်နေ၍ တော်လှန်ရေး တပ်ဖွဲ့များနှင့် အချိန်မရွေး တိုက်ပွဲများဖြစ်ပွားလာနိုင်သောကြောင့် ခရီးသွား ပြည်သူများအနေဖြင့် အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကို ရက်အကန့်သတ်မရှိ အသုံးမပြုရန် တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article