By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက် ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် မင်းအောင်လှိုင်အလွန် ထိပ်ပိုင်းတပ်ချုပ်၊ ဒုတပ်ချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးတွေအတွက် ကျော်စွာလင်း၊ ကိုကိုဦး၊ ဇော်ဟိန်း၊ ညွန့်ဝင်းဆွေနဲ့ ဇော်မျိုးတင် ဆိုသူတွေက ရေပန်းစားနေတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်တွေက ပြောထားသလို MDSI နဲ့ CDM ဗိုလ်ကြီး ဇင်ယော်တို့ကလည်း သုံးသပ်ပြောဆို ထားပါတယ်။
အကြမ်းဖက် စစ်တပ်လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက အီးစီးကရက်နဲ့ Vape တွေကို စတင်ပိတ်ပင်လိုက်ပေမယ့် စစ်တပ်အသိုင်းအဝိုင်းနဲ့ပက်သက်သူတွေ ဖွင့်လှစ်ထားတဲ့ ကလပ်တွေ ၊ ဘားတွေနဲ့ KTV တွေမှာ ပုံမှန်အတိုင်း ဆက်လက်သုံးစွဲခွင့်ပြုထားတဲ့အပြင် မူးယစ်ဆေးဝါးတွေကိုပါ စစ်တပ်အကာကွယ်နဲ့ ဆက်လက်ရောင်းချနေဆဲဖြစ်တယ်လို့ ဒေဿတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နဲ့ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွေမှာ အကြမ်းဖက် စစ်တပ်နဲ့ ဒေသ အုပ်ချုပ်ရေး အဖွဲ့တွေက လောင်းကစားဝိုင်းတွေကို ဆက်ကြေးယူပြီး အကြီးအကျယ် ဖွင့်လှစ် လုပ်ကိုင်ခွင့်ပေးထားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ လာမယ့် ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) မှာ အစ္စရေးနိုင်ငံကို သွားရောက်မှာဖြစ်ပြီး ဒီခရီးစဉ်ဟာ “အစွန်းရောက်” ရန်သူတွေကို တုံ့ပြန်ဖို့ မဟာမိတ်အသစ်တစ်ခု ဖွဲ့စည်းရာမှာ အထောက်အကူဖြစ်စေလိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကြေညာလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




