ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်း ၊ ငါးဇွန်မြို့နယ်၊ တလင်းကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၃ စီး ဖြင့် ငါးဇွန်မြို့နယ်၊ တလင်းကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၁၆ နှစ်အရွယ် မိန်ကလေးငယ် ၁ ဦးနှင့် အသက် ၂၀ နှစ်အရွယ် မိန်းကလေးငယ် ၁ဦးတို့ သေဆုံးခဲ့ပြီး ပြည်သူ ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“တလင်းကုန်းကျေးရွာကို စစ်ခွေးတွေက ကျဲသွားတာပါ။ ဒီနေ့ နံနက်ပိုင်းက ကျဲသွားတာပါ။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့တာပါ။ နမခ က တက်လာတဲ့ Gyrocopter ၃ စီးက ကျဲချသွားတာ။ ဗုံး က ၂ လုံးကျဲသွားတယ်။ ၁ စီးပဲ ကျဲချသွားတာ ကျန်တဲ့ အစီးတွေကတော့ အရန်အနေနဲ့ လိုက်လာတဲ့ သဘောပေါ့။ အသက် ၈ နှစ်အရွယ်နဲ့ အသက် ၁၆ နှစ်အရွယ်တွေက မောင်နှမတွေလို့ သိရတယ်။ စုစုပေါင်း သေဆုံးတာက ၃ ဦးသေဆုံးသိရတယ်။ ၃ ဦးကတော့ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့သိရတယ်။ ၁ ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ၁ ဦးကတော့ အသက်အရွယ် မသိသေးဘူး။ နေအိမ် ၁လုံး ပျက်စီးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ၂၀၂၅ ခုနှစ်ကလည်း ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် မိသားစုဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – မန္တလေးတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန်ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)




