33 C
Yangon

သရက်ချောင်းမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံး၊ နတ်တလင်းတွင်လည်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း KNU-မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၃ မိနစ်ခန့်တွင် သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ် ၄ လုံး ထိခိုက်ပျက်စီခဲ့ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို နေ့စဉ် လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၈ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က နတ်တလင်းမြို့နယ်အတွင်းရှိ သခွတ်ကုန်းရွာ၊ ကံသာယာရွာနှင့် ဖလံပင်ရွာ တို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော ကျည်ထိမှန်၍ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိချိန်တွင် ဆေးကုသမှု ခံယူနေရကြောင်း၊ ထိုသို့ အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်နေ၍ ပြည်သူများ သတိပြုနေထိုင်ကြရန် တော်လှန်ရေးအဖွဲ့အစည်းများက အသိပေးချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

“နတ်တလင်းမြို့နဲ့ နီးတဲ့ ရွာတွေကို စစ်ခွေးတွေ ပစ်မှတ်ထားပြီး ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာ နေ့တိုင်းနီးပါးကို တိုက်ခိုက်နေတယ်။ ၁၈ ရက်နေ့ကလည်း ဒရုန်းနဲ့ ဗုံးကျဲလို့ ကလေး ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးထိတယ်။ ၂၂ ရက်နေ့ကလည်း ဒရုန်းလာချလို့ ပြည်သူ ၂ ဦးထပ်ထိတယ်လို့ သိရတယ်။ ၂၃ ရက်နေ့ကတော့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ ဖလံပင်ရွာကိုကျပြီး ပြည်သူ ၁ ဦး ထိတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

နတ်တလင်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်စစ်ကြောင်းက တောင်ညို မြို့သစ်ရှိ နေအိမ်များ၊ ဈေးတန်းများ အပါအဝင် ရွာသာကျေးရွာနှင့် ကွင်းစန်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article