33 C
Yangon

ပုလဲမြို့နယ်ရှိ ချင်ပြစ်ကျင်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသဖြင့် ပြည်သူ ၄၀၀ နီးပါး ထွက်ပြေးနေရ၊ ချောင်းဦးမြို့ပေါ် ရဲလှေရပ်ကွက်သို့ စစ်တပ်က ဝင်ရောက်ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တောင်ခြမ်းရှိ ချင်ပြစ်ကျင်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့နံနက်ပိုင်း အင်အား ၂၅၀ ခန့်ပါဝင်သော စစ်တပ်စစ်ကြောင်းက ပုလဲမြို့နယ်အတွင်းသို့ စစ် ကြောင်းနှစ်ဖွဲ့ခွဲ၍ အလုံးအရင်းဖြင့် ထိုးစစ် ဆင်လာကြောင်း၊ အဆိုပါစစ်ကြောင်းက ချင်ပြစ်ကျင်းကျေးရွာနှင့် နွယ်အင်းကျေးရွာများသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်ခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီအချိန် ချင်ပြစ်ကျင်းကျေးရွာရှိ နေအိမ်များကို စစ်တပ်က မီးစတင်ရှို့ခဲ့ကြောင်း သိရှိရသည်။

ဒေသခံတစ်ဦးက “အင်အား ၂၅၀ လောက်နဲ့ စစ်ကြောင်းစထိုးလာလို့ ကျနော်တို့ ချင်ပြစ်ကျင်းရွာနဲ့ နွယ်အင်းရွာက ဒေသခံတွေအကုန် ထွက်ပြေးရတယ်။ ရွာကိုတော့ အခု မီးရှို့နေပြီ။ ရွာမီးလောင်နေတာကို အဝေးကပဲ လှမ်းကြည့်နေရတယ်” ဟု ပြောကြားသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် အိမ်ခြေ ၄၀၀ နီးပါးရှိသည့် နွယ်အင်းရွာနှင့် ချင်ပြစ်ကျင်းရွာမှ ရွာသူရွာသားများသည် နေရပ်စွန့်ခွာကာ နီးစပ်ရာတောတောင်များအတွင်းသို့ အရေးပေါ် တိမ်း ရှောင်နေရကြောင်း၊ စစ်တပ်က လက်ရှိအချိန်အထိ ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာခြင်း မရှိသေးကြောင်း သိရှိရသည်။

အဆိုပါ ပုလဲမြို့နယ်တောင်ခြမ်းသည် ဗိုလ်နဂါးဦးဆောင်သော BNRA အဖွဲ့ စိုးမိုးရာနယ်မြေဖြစ်ပြီး၊ BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး စစ်ကောင်စီထံ လက်နက်ချအညံ့ခံခဲ့ပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ယခုကဲ့သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းပတ်ထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်ဟု ဒေသခံများက သုံးသပ်နေကြပါသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ် ရဲလှေရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ပြည်သူများကို ဖမ်းဆီးကာ နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း Monywa Revolution မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ချောင်းဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အိမ်စီးကား ၄ စီး အင်အား ၄၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရဲလှေရပ်ကွက်အတွင်းသို့ လက်နက်ငယ်များ ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

ထိုပစ်ခတ်မှုအတွင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ကျည်ထိမှန်ကာ ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ရဲလှေရပ်ကွက်ရှိ ရွှေစေတီကျောင်းတိုက်အတွင်း၌ ပြည်သူအများအပြားကိုလည်း ဖမ်းဆီးထားကာ လက်ရှိချိန်ထိ အကြမ်းဖက် စစ်သားများသည် ရဲလှေရပ်ကွက်ရှိ ရွှေစေတီကျောင်းတိုက်အတွင်းရှိနေသေးကြောင်း သိရှိရသည်။

“စစ်ခွေးတွေက အိမ်စီးကား ၄ စီးနဲ့ စစ်ခွေးအင်အား ခန်မှန်း ၄၀ လောက်နဲ့ ချောင်းဦးထွေ/အုပ်ရုံးက ထွက်လာတာပါ။ အဲ့ရပ်ကွပ်ကို လက်နက်ငယ်တွေ ဖောက်ပြီးဝင်စီးတာ အမျိုးသား ၁ ဦးက ပေါင်မှန်တယ်။ အမျိူးသမီး ၁ ဦးက ခေါင်းမှန်ပြီး ပြင်းထန်ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ အဲ့ရပ်ကွက်က ရွှေစေတီဘုန်ကြီးကျောင်းမှာပဲ စစ်ခွေးတွေက ပြည်သူတွေကို ဖမ်းထားတယ်။ ဘယ်နှစ်ဦးကို ဖမ်းဆီးထားလဲတော့ မသိရသေးဘူး။ အကုန်ထွက်ပြေးတိမ်းရှောင်နေရတယ်။ စစ်ခွေးတွေလည်းရှိနေတုန်းပဲ” ဟု Monywa Revolution မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း ချောင်းဦးမြို့ပေါ်မှ အိမ်စီးကား ၅ စီးခန့်ဖြင့် ထွက်လာသော အင်အား ၅၀ ခန့်ပါ အကြမ်း ဖက် စစစ်တပ် စစ်သားများသည် ချောင်းဦးမြို့တောင်ပိုင်းရှိ သမန္တရာဘုန်းကြီးကျောင်းအနီးသို့ ဝင်ရောက်လာပြီး ပြည် သူပိုင်နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“ချောင်းဦးမြို့ တောင်ပိုင်းထဲက သမန္တရာဘုန်းကြီးကျောင်းအနီးက နေအိမ် ၁ အိမ်ကို စစ်ခွေးတွေက မီးရှို့ သွားတာပါ။ ချောင်းဦးမြို့ထဲက အိမ်စီးကား၄/၅စီးလောက်နဲ့ အင်အားခန့်မှန်း ၅၀​ ဝန်းကျင်ပါတယ်လို့ကြားတယ်။ စစ်ကြောင်းထိုးတာတို့ တပ်မစွဲတာတို့တော့ မဟုတ်ဘူး ဒီတိုင်းလာတာ ခြေ​ရူပ်တဲ့သဘောပါ။ လက်ရှိမှာ စစ်ခွေးတွေ ပြန်သွားပြီ သူတိုနေရပ်ခွေးခြံကိုပါ။ ပြည်သူတွေကို ဖမ်းတာမျိုး မကြားမိသေးဘူး” ဟု Monywa Revolution မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article