ရန်ကုန်၊ ဇူလိုင် ၁၅
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြိုနယ်၊(ဇ)ရပ်ကွက်၊၁၃၃-၁၃၄လမ်းကြား၊၇၈ လမ်း၊ ရန်ကုန်- မန္တလေးလမ်းဟောင်းအနီး KBZ စက်မှုပန်းခြံဘဏ်ခွဲတွင် ယနေ့ နေ့လယ်ပိုင်း ဓားပြတိုက်မှုဖြစ်ပွားပြီး သိန်း ၁၅၀၀ ကျော်ပါသွားကြောင်း ဘဏ်အသိုင်းအ၀ိုင်းနှင့်ရဲသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် ကမ္ဘောဇဘဏ်သို့ အမည်မသိ သူတချို့က လက်နက်ဖြင့် ဝင်ရောက်လာပြီး သိန်း ၁၅၀၀ ကျော်ကို ယူဆောင်သွားကြောင်း၊ ယင်းနောက် ဘဏ်ငွေအပ်ကောင်တာပေါ်တွင် PVC ပိုက်ဖြင့် လုပ်ထားသည့် မိုင်းအရှည်တစ်လုံးထားခဲ့ပြီး ဓားပြတိုက်သူများ လွတ်မြောက်သွားကြောင်း ၊ လက်ရှိအချိန်တွင် စစ်တပ်နှင့်ရဲများက စစ်ဆေးနေကြောင်း သိရှိရသည်။
“မန္တလေး စက်မှုပန်းခြံဘဏ်ခွဲ ၄၂ ဓားပြတိုက်ခံရတာ သိန်း ၁၅၀၀ ကျော်ပါသွားတယ်။ ဘဏ်ဝန်ထမ်းတွေ ထိခိုက်တာ၊ ပြည်သူတွေ ထိခိုက်တာမရှိပါဘူး။ ဖြစ်သွားတာက ၁၅ မိနစ်နဲ့ မိနစ် ၂၀ လောက်ပဲကြာမယ်။ လုံခြုံရေးရှိပေမယ့် ပြည်သူလို ပုံစံနဲ့ ဝင်လာတာပါ” ဟု မန္တလေး KBZ ဘဏ် ဝန်ထမ်းတစ်ဦးက ပြောသည်။
လက်ရှိတွင် ဓားပြတိုက်ခံရသော ဘဏ်ကို စစ်တပ်နှင့်ရဲက ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်းဒေသခံများထံမှ သိရှိရသည်။
ဓာတ်ပုံ- ယခုနှစ် ဧပြီလတွင် ဗုံးပေါက်ကွဲခဲ့သော မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ရှိ KBZ ဘဏ်ခွဲတစ်ခု။ (ပုံအဟောင်းဖြစ်သည်)