28 C
Yangon

ကြံ့ဖွတ်ပါတီအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ပြန်လွှတ်ပေးရန် မရှိသော တင်းမာသည့် သဘောထားရှိနေဟုဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

လာမည့် ဧပြီလအတွင်း အစိုးရအဖွဲ့သစ် ဖွဲ့စည်းတော့မည့် ကြံ့ဖွတ်ပါတီအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ပြန်လွှတ်ပေးရန်မရှိဘဲ ဆက်လက်အကျဉ်းချထားမည့် တင်းမာသော သဘောထား ရှိနေကြောင်း ကြံ့ခိုင်ရေး ပါတီသတင်းရင်းမြစ်က ပြောဆိုသည်။

ကြံ့ဖွတ်ပါတီအတွင်း အစိုးရအဖွဲ့သစ် ဖွဲ့စည်းသည့်အခါ အကောင်အထည်ဖော်မည့် ပါတီ၏ ရွေး ကောက် ပွဲ မူဝါဒ ကတိကဝတ်များနှင့်ပတ်သက်၍ အမြဲမပြတ် ဆွေးနွေးမှုများရှိနေပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးများ၊ ကြံ့ဖွတ်ပါတီလွှတ်တော်အမတ်များ၏ အစည်းအဝေးများ ဆက်တိုက်ကျင်းပလျက်ရှိကြောင်း၊ အဆိုပါ အစည်းအဝေးများအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ငြိမ်းချမ်းရေးတို့နှင့်ပတ်သက်၍ အကောင်အထည်ဖော်မည့် ရွေး ကောက်ပွဲ ကတိကဝတ် မူဝါဒများအပေါ် ညှိနှိုင်းဆွေးနွေးမှုများရှိနေကြောင်း၊ စစ်တပ်၏ မတရား ဖမ်းဆီး အကျဉ်းကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ မူ ပါတီအတွင်း တင်းမာသော မူဝါဒ သဘောထား ရှိနေကြောင်း သိရှိရသည်။

“အခု တက်လာမယ့် ပြည်ခိုင်ဖြိုးအစိုးရသစ်က တပ်မတော်နဲ့ လက်တွဲပြီး လုပ်ဆောင်သွားမယ့် အစိုးရဖြစ်တာကြောင့် ရှေ့အစိုးရ ၅ နှစ်တာကာလရဲ့ ဆိုးမွေ ကောင်းမွေတွေကို ဆက်ခံမယ်။ နောက်တစ်ချက်က တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ပါတီတွင်းမှာ အသေးစိတ်ဆွေးနွေးတာ မရှိပေမယ့် အလွတ် သဘော ပြောဆိုမှုတွေမှာတော့ တပ်မတော်ရဲ့ သဘောထားအတိုင်းပဲ လက်ခံ ထားတယ်။ ပြောရရင်တော့ အစိုးရသစ်တက်လာလို့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ လက်ရှိ အခြေအနေအတိုင်းပဲ ဆက်ရှိမယ်။ ပြည်ခိုင်ဖြိုးအစိုးရသစ်ကလည်း တပ်မတော်က သဘောမတူဘဲ၊ တပ်မတော်ရဲ့ သဘောတူညီချက်မရဘဲ နိုင်ငံရေး အပြောင်းအလဲတွေ မလုပ်ဘူး” ဟု ကြံ့ခိုင်ရေး ပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်ကလည်း ဒေါ်အောင်ဆန်းစုကြည် လက်ရှိ ပြစ်ဒဏ်ကျခံနေရခြင်းမှာ နိုင်ငံရေးမှု မဟုတ်ဘဲ လာဘ်ပေးလာဘ်ယူမှုနှင့် ရာဇဝတ်မှုများဖြစ်ကြောင်း စစ်တပ်၏ ပြောရေး ဆိုခွင့်ရှိသူ အကြမ်းဖက် ဇော်မင်းထွန်းက ဇန်နဝါရီလ ၂၄ ရက်နေ့ တွင် မြ၀တီရုပ်သံမှတစ်ဆင့် ထုတ်ဖော်ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ရာဇဝတ်မှုများနှင့်ပတ်သက်နေကြောင်း၊ ထို့ကြောင့် တရားဥပဒေအတိုင်းပဲ ဆက်ဖြစ်လိမ့်မည်ဖြစ်ကြောင်း အကြမ်းဖက်​ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမှုနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးအမှုဆိုတာထက် ကျနော်တို့က ဒါရာဇဝတ်မှုနဲ့ပတ်သက်တာတွေဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူတို့ ဘာတို့ စွဲဆိုခံထားရတာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ပြောချင်တာက တရားဥပဒေအတိုင်းပဲ ဆက်ဖြစ်ပါလိမ့်မယ်” ဟု ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးမှာ ကောင်းမွန်ပြီး သူမ၏ ကျန်းမာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် စစ်တပ် ဆေးအဖွဲ့က ကူညီစောင့်ရှောက်နေကြောင်း စစ်တပ်က ပြောဆိုခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဆူပူအောင်လှုံ့ဆော်မှု၊ အဂတိလိုက်စားမှုနှင့် ရွေးကောက်ပွဲ မဲလိမ်လည်မှုများ အပါ အဝင် စွပ်စွဲချက်များဖြင့် ထောင် ဒဏ် ၂၇ နှစ် ချမှတ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ စွဲချက်အားလုံးကို ငြင်းဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article