ရန်ကုန်၊ ဇူလိုင် ၁၅
“Kaung For You Education”တွင် ကျောင်းအပ်နှံထားသည့် ကျောင်းသားမိဘများထံသို့ ကိုယ်ရေးအချက်အလက်များ မပေါက်ကြားလိုပါက ကျောင်းလခ ၃ လစာ ပေးသွင်းရန် ယနေ့ နံနက်ပိုင်း ဖုန်းမက်ဆေ့ချ်များပေးပို့ ခြိမ်းခြောက် ငွေတောင်းလာကြောင်း ကျောင်းသားမိဘများက ပြောသည်။
“ကျနော်တို့ အဲဒီဖုန်းက သားကို ကျောင်းအပ်တုန်းက Kaung For You Education မှာ ဖြည့်လိုက်တဲ့ဖုန်းနံပါတ်ကို ကျောင်းလခ ၃ လစာ ပေးလွှဲပေးဖို့ Wave Money နဲ့ လွှဲခိုင်းတာ။ အဲဒါအခု ဖုန်း SIM ကို လည်း လွှင့်ပစ်ပြီး ကလေးရော ကျနော်တို့ပါ ခဏရှောင်နေလိုက်တယ်။ အခြား ကျောင်းသားမိဘတွေ ဆီလည်း အဲဒီလိုဝင်တယ်ပြောတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့မှ Kaung For You Education အတွက် စာသင်ကြားပေးနေသည့် CDM ကျော်ငးဆရာမ ၅ ဦးကို ဟဲဟိုးမြို့ ၊ ရပ်ကွက် ၄ ဈေးပိုင်းရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များဖြစ်သည့် ဝင်းထွန်း၊ မောင်ဘို၊ ရွှေခွေး တို့က ဦးဆောင်ကာ စစ်တပ်နှင့်ရဲများက ယမန်နေ့ ညပိုင်း လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
“ဟဲဟိုးမြို့မှာ မနေ့ညပိုင်း (CDM)ဆရာမ ၅ ယောက်ဖမ်းသွားတယ်။ ဘယ်ကိုခေါ်သွားမှန်းတော့ မသိဘူး။ Kaung For You Educationအတွက် စာသင်ပေးလို့ ဖမ်းတာတဲ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် Kaung for You Educationတွင် အလုပ်လျှောက်ခြင်းနှင့် သင်တန်းတက်ရန် Form ဖြည့်မိခဲ့သော CDM ဆရာ/ဆရာမများ၏ အချက်အလက်များပါ ပေါက်ကြား နေပြီး ခြိမ်းခြောက်ခံနေကြောင်း၊ အလုပ်အတွက် ခန့်အပ်ခြင်း မခံခဲ့ရသော်လည်း Google Form တစ်ခါ ဖြည့်ဖူး မိရုံမျှဖြင့် ခြိမ်းခြောက်ခံနေရကြောင်း၊ထိုကျောင်းမှ အလုပ်ခေါ်မည်၊ သင်တန်းပေးမည် စသည်ဖြင့် အကြောင်းအရာ အမျိုးမျိုးတို့ကို ဗန်းပြကာ CDM ဆရာ/ဆရာမများ အချက် အလက်များကို ရည်ရွယ်ချက်ရှိရှိ စုဆောင်းပြီးမှ ပေါက်ကြားစေခြင်း ဖြစ် ကြောင်း၊ ကျောင်းအပ်မိသူ ကျောင်းသား/မိဘ များသာ မကဘဲ ထိုကျောင်းမှ Google Form ဖြည့်ဖူးသူတိုင်း ယခုလို အချက်အလက်အတိအကျဖြင့် ခြိမ်း ခြောက် ခံနေရခြင်းဖြစ်ကြောင်း သိရှိရသည်။
NUG ပညာရေးဝန်ကြီးဌာနက “Kaung For You Education” မှ ကျောင်း သားများနှင့် မိဘများ၏ ကိုယ်ရေးအချက်အလက် ကျိုးပေါက်မှု အတွက် သက်ဆိုင်ရာကျောင်းစီမံခန့်ခွဲမှုအနေဖြင့် တာဝန်ခံရန် တာဝန်ရှိပြီး ဆရာမ၊ ဆရာနှင့်ကျောင်းသားများကို ဖမ်းဆီးခြင်းသည် စစ်ကောင်စီအနေဖြင့် ပညာရေးအခွင့်အရေး (Right to Education) အခြေခံလူ့အခွင့်အရေးတစ်ရပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့အနေဖြင့် အထူးစိုးရိမ်လျက်ရှိပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး ယန္တရားများနှင့် ချိတ်ဆက်လျက် လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။