24 C
Yangon

ခင်ဦးမြို့အနီးရှိ ခင်ဦး-ရေဦး လမ်းပိုင်းတွင် နေအိမ်များ၊ ဈေးဆိုင်များနှင့် ဆန်စက်များကို မီးရှို့နေသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ဗိုလ် ကျော်ကိုကိုဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့အနီးရှိ ခင်ဦး-ရေဦး လမ်းပိုင်းတွင် နေအိမ်များ၊ ဈေးဆိုင်များနှင့် ဆန်စက်များကို မီးရှို့နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ဗိုလ် ကျော်ကိုကိုဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ခင်ဦးမြို့နယ်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံတွင် အထိုင်ချ တပ်စွဲနေထားသော အင်အား ၄၀ ခန့်ပါ စစ်ကြောင်းသည် သံပြားကာကားများဖြင့် ခင်ဦးမြို့ အနောက်ထွက်၊ ခင်ဦး – ရေဦး လမ်းပိုင်းကို စစ်ကြောင်းထိုးကာ ပြည်သူပိုင်နေအိမ်များ၊ ဈေးဆိုင်ခန်းများနှင့် ဆန်စက်များကို လှည့်လည်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ မီးရှို့နေသည့် စစ်သားများကို ခင်ဦးမြို့နယ် ပကဖ များ၊ UG ပကဖများနှင့် တိုက်နယ် ပကဖများ ပူးပေါင်း၍ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နာရီပိုင်းအကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ကျော်ကိုကိုဦး သေဆုံးပြီး စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ MA-1 သေနတ် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ဗိုလ် ကျော်ကိုကိုဦးသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ ခင်ဦးနှင့်ရွှေဘို မြို့နယ်အစပ်တိုက်ပွဲအတွင်း သေဆုံးခဲ့သော ဗိုလ်ကြီး မင်းထက် နေရာကို အစားထိုးရန် ရန်ကုန်တိုင်း အမှတ် ၄ ခြေလျင်တပ်မဟာမှ ခင်ဦးမြို့သို့ ပို့ဆောင်ခံရသူဖြစ်ကြောင်း၊ ထို့ပြင် ၎င်းသည် ပြည်သူပိုင် နေအိမ်များကို မီးရှို့မည်ဟု အမြဲခြိမ်းခြောက်နေသူဖြစ်ကြောင်း၊ ကျော်ကိုကိုဦး၏ ရုပ်အလောင်းကို ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ခင်ဦးမြို့ တောင်သုသာန်တွင် မီးရှို့ သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

“ကျော်ကိုကိုဦးက မီးရှို့​​ပစ်မယ်ချည်း အမြဲပြောပြီး ပြည်သူတွေကို ခြိမ်းခြောက်လို့ မီးရှို့ ကိုကို ခေါ်တာပါ။ တိုက်ပွဲအတွင်းမှာတော့ ကျော်ကိုကိုဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိတယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ခင်ဦးမြို့နယ်မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article