ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးထားပြီး နန်းတည်းရွာကို မီးရှို့ဖျက်ဆီးကာ စက်တပ်လေထီးများကလည်း ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် နန်းမြင့်တောင်မှထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နန်းမြင့်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးကာ ဘုရားလှရွာ စစ်ကြောင်းထိုးဝင်ရောက်ကာ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် နံနက်ပိုင်းတွင် ဘုရားလှရွာမှ ထွက်ခွာလာပြီး နန်းတည်းရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မွန်းလွဲပိုင်းတွင် ရုံးပင်ရွာကို ဆက်လက် ထွက်ခွာသွားသော်လည်း နောက်ကျန် စစ်ကြောင်းများ ကျန်ရှိမည်ကို စိုးရိမ်သောကြောင့် ပြည်သူများသည် ကျေးရွာအတွင်း ပျက်စီးမှု အခြေအနေကို သွားရောက် ကြည့်ရှု့နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာ လေတပ်မှ တက်လာသော စက်တပ်လေထီး ၂ စီးသည်လည်း တောင်သာမြို့နယ် တောင်သာနယ်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို ယနေ့ နံနက်ပိုင်းက ဗုံးသီး ၄လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“တောင်သာမြို့နယ်ထဲမှာ မြေပြင် စစ်ခွေးစစ်ကြောင်းကလည်း ရွာတွေကို ဆက်တိုက်မီးရှို့နေတယ်။ မိတ္ထီလာတပ် စက်တပ်လေထီးတွေကလည်း ကျေးရွာတွေကို တောက်လျှောက်ဗုံးကျဲနေလို့ ပြည်သူတွေလည်း တိမ်းရှောင်နေရတယ်။ ပျက်စီးမှု အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေလည်း တကွဲတပြားကို တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း တောင်သာမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ညောင်ဒိုရွာရှိ ကျန်ရှိနေသော နေအိမ်များကို ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး ခြုံကြီးရွာမှ ပြည်သူ ၇ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဓာတ်ပုံ – မန္တလေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များမီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)




