28 C
Yangon

အမေရိကန်တွင် အမြင်အာရုံလုံး၀နီးပါး ချို့တဲ့နေသော မြန်မာရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးကို နယ်စပ်လုံခြုံရေးတပ်ဖွဲ့က အပြစ်မရှိဘဲ အကြောင်းမဲ့ ဖမ်းဆီးပြီးနောက် လမ်းဘေးတွင် စွန့်ပစ်ခဲ့မှုကြောင့် သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

အမေရိကန်တွင် အမြင်အာရုံလုံး၀နီးပါး ချို့တဲ့နေသော မြန်မာရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးကို နယ်စပ်လုံခြုံရေးတပ်ဖွဲ့က အကြောင်းမဲ့ဖမ်းဆီးပြီး လမ်းဘေးတွင် စွန့်ပစ်ခဲ့မှုကြောင့် သေဆုံးသွားကြောင်း အမေရိကန်မှ လာသော သတင်းများအရ သိရှိရသည်။

အမေရိကန်နိုင်ငံ၊ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (U.S. Border Patrol) ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် အမြင်အာရုံလုံး၀ ကွယ်လုနီးပါး ချို့တဲ့နေသော မြန်မာ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးကို အမေရိကန်အာဏာပိုင်များက ၎င်း၏နေအိမ်နှင့် ငါးမိုင်ခန့်အကွာရှိ မုန့်ဆိုင်တစ်ခုရှေ့တွင် စွန့်ပစ်ခဲ့ပြီးနောက် အဆိုပါဒုက္ခသည်မှာ လမ်းဘေးတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်မှာ အမေရိကန် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ လုပ်ရပ်အပေါ် ပြင်းထန်သော ဝေဖန်မှုများနှင့် စုံစမ်းစစ်ဆေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

အသက် ၅၆ နှစ်အရွယ်ရှိ နူရူလ် အာမိန် ရှာအလမ် (Nurul Amin Shah Alam) သည် မြန်မာနိုင်ငံရှိ လူမျိုးတုံးသတ်ဖြတ်မှုများမှ ထွက်ပြေးလွတ်မြောက်လာသူဖြစ်ပြီး လုံခြုံမှုရှိရန် မျှော်လင့်ချက်ဖြင့် လွန်ခဲ့သော ၁၅ လခန့်က အမေရိကန်နိုင်ငံ၊ ဘတ်ဖလိုမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ၎င်းသည် အင်္ဂလိပ်စကား မပြောတတ်ခြင်းနှင့် မျက်စိမမြင်ရခြင်းတို့ကြောင့် မထင်မှတ်ထားသော ကြမ္မာဆိုးနှင့် ရင်ဆိုင်ခဲ့ရသည်။

ရိုဟင်ဂျာဒုက္ခသည် နူရူလ် အာမိန် ရှာအလမ်သည် လမ်းလျှောက်တုတ်အဖြစ် အသုံးပြုသည့် တုတ် (Curtain rod) တစ်ခုကို ကိုင်ဆောင်လာမှုဖြင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း၊ အင်္ဂလိပ်ဘာသာဖြင့် ပေးသော အမိန့်များကို နားမလည်သောကြောင့် ရဲတပ်ဖွဲ့၏ လျှစ်စစ်သေနတ် (Taser) ဖြင့် ပစ်ခတ်ခြင်းနှင့် ရိုက်နှက်ခြင်းတို့ကို ခံခဲ့ရကာ ထောင်ထဲသို့ ရောက်ရှိခဲ့သည်။

ရိုဟင်ဂျာဒုက္ခသည် နူရူလ် အာမိန် ရှာအလမ်၏ မိသားစုက ၎င်းကို အခြားပြည်နယ်ရှိ လူဝင်မှု ကြီး ကြပ်ရေး ထိန်းသိမ်းရေးစခန်း (ICE) သို့ ပို့ဆောင်ခံရမည်ကို စိုးရိမ်သဖြင့် အာမခံမယူဘဲ ထားခဲ့ကြောင်း၊ နောက်ဆုံးတွင် အမှုအား ညှိနှိုင်းဖြေရှင်းကာ ICE လက်ထဲသို့ မရောက်ရှိစေရန် စီစဉ်နိုင်ခဲ့ကြောင်း၊ သို့သော်လည်း နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာအလမ်ကို ပြန်လွှတ်ပေးသည့်အခါ မိသားစုထံ အကြောင်းကြားခြင်း သို့မဟုတ် အကူအညီပေးခြင်း လုံးဝမရှိဘဲ ၎င်း၏နေအိမ်နှင့် ငါးမိုင်ဝေးသော Tim Hortons မုန့်ဆိုင်တစ်ခုရှေ့တွင် ချထားကာ စွန့်ပစ်ခဲ့ကြကြောင်း သိရှိရသည်။

ရိုဟင်ဂျာဒုက္ခသည် နူရူလ် အာမိန် ရှာအလမ်မှာ ပြန်လည် လွတ်မြောက်လာချိနတွင် ဖုန်းလည်းမပါ၊ အင်္ဂလိပ်စကားလည်း မပြောတတ်သည့်အပြင် မျက်စိလည်း မမြင်ရသောကြောင့် အိမ်အပြန်လမ်းကို ရှာမတွေ့ခဲ့ကြောင်း၊ မိသားစုဝင်များက ရက်ပေါင်းများစွာ လိုက်လံရှာဖွေခဲ့သော်လည်း ရဲတပ်ဖွဲ့က ၎င်းကို ICE လက်ထဲတွင် ရှိနေသေးသည်ဟု မှားယွင်းယုံကြည်ကာ လူပျောက်မှုကို ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

နောက်ပိုင်းတွင် ရိုဟင်ဂျာဒုက္ခသည် နူရူလ် အာမိန် ရှာအလမ်၏ အလောင်းကို ဘတ်ဖလိုလမ်းမတစ်ခုပေါ်တွင် ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

ရိုဟင်ဂျာလူမှုအသိုက်အဝန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ အင်မရမ် ဖာဇယ် (Imran Fazel) က “အမေရိကန်နိုင်ငံကို ရောက်လာပြီးမှ ဒီလိုမျိုး ကြုံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ ဒီလိုနိုင်ငံမျိုးမှာ လုံခြုံတယ်လို့ ကျွန်တော်တို့ မခံစားရတော့ဘူး” ဟု ရင်ဖွင့်ပြောကြားခဲ့သည်။

လက်ရှိတွင် လူသတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးများက ရှာအလမ် သေဆုံးရသည့် အကြောင်းရင်းနှင့် အချိန်ကာလကို စုံစမ်းစစ်ဆေးနေပြီ ဖြစ်ကြောင်း၊ ရိုဟင်ဂျာဒုက္ခသည် နူရူလ် အာမိန် ရှာအလမ်တွင် ဇနီးနှင့် သားနှစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article