28 C
Yangon

ပုသိမ်မြို့၊ Green Land City စီမံကိန်းရှိ လယ်မြေများပေါ်တွင် အဆောက်အအုံများ ဥပဒေမဲ့ ဆောက် လုပ်ခွင့် ချထားပေးမှုအတွက် ဧရာ၀တီတိုင်းဝန်ကြီးချုပ် တင်မောင်ဝင်းနှင့် စည်ပင်တစ်ဖွဲလုံးကို အရေးယူပေးရေး တိုင်ကြား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ Green Land City စီမံကိန်းရှိ လယ်မြေများပေါ်တွင် အဆောက်အအုံများ ဥပဒေမဲ့ ဆောက် လုပ်ခွင့် ချထားပေးမှုအတွက် ဧရာ၀တီတိုင်းဝန်ကြီးချုပ် တင်မောင်ဝင်းနှင့် စည်ပင်တစ်ဖွဲလုံးကို အရေးယူပေးရန် ပြည်သူ ၉ ဦးက တိုင်ကြားလိုက်ကြောင်း သိရှိရသည်။

ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းစည်ပင်သာယာရေးအဖွဲ့တို့က ပုသိမ်မြို့တွင် အဆောက်အဦဆောက်လုပ်ခွင့်များနှင့် ပတ်သက်၍ အဂတိလိုက်စားနေကြောင်း၊ NLD အစိုးရလက်ထက်က ဆိုင်းငံ့ထားသည့် Green Land City စီမံကိန်းမှ ခွင့်ပြုချက်မရသေးသော လယ်ယာမြေများပေါ်တွင် လာဘ်ငွေယူ၍ တရားမဝင် အိမ်ရာများ တက်သုတ်ရိုက် ဆောက်လုပ်ခွင့်များချထားပေးနေကြောင်း သိရှိရသည်။

သို့ရာတွင် ပုသိမ်မြို့နယ်အတွင်းရှိ ပြည်သူများ၊ အစိုးရဝန်ထမ်းဟောင်းများနှင့် ပင်စင်စားများက မိမိတို့၏ ချွေးနည်းစာဖြင့် စုဆောင်းထားသော ငွေများဖြင့် နေအိမ်ဆောက်လုပ်ရန် ခွင့်ပြုချက်တင်ပြရာတွင် မည်သည့်ခွင့်ပြုချက်မှ မပေးကြောင်း သိရှိရသည်။

ပုသိမ်မြို့တွင် အိမ်ဆောက်လုပ်မည်ဆိုပါက ၃ ထပ်အဆောက်အဦများ အတွက် တိုင်းစည်ပင် သာယာရေးအဖွဲ့သို့ လည်းကောင်း၊ ၄ ထပ်နှင့်အထက် အဆောက်အဦများ အတွက် တိုင်းအစိုးရအဖွဲ့သို့ လည်းကောင်း အဆင့်ဆင့်တင်ပြထားသော်လည်း အချိန်ကာလ ၆ လမှ ၂ နှစ်အထိ ဆောက်လုပ်ခွင့်မချထားပေးကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်များတွင် ဧရာ၀တီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကိုယ်တိုင် အဆင့်ဆင့် လာဘ်စားနေပြီး လာဘ်ငွေပေးမှသာ ဆောက်လုပ်ခွင့်ပေးခြင်း၊ လာဘ်ပေးထားသူများကိုမူ ဆောက်လုပ်ခွင့်မကျမီ ကြိုတင်ဆောက်လုပ်ခွင့်ပေးခြင်းများ ပြုလုပ်နေကြောင်း ပြည်သူများက ဆိုသည်။

အိမ်ဆောက်လိုသူ ပြည်သူများမှာ အိမ်ဟောင်းများ ဖြိုဖျက်ထားပြီး အိမ်ငှားနေရသည့်ဒုက္ခနှင့် ကုန်ဈေးနှုန်းတက်လာ၍ စုဆောင်းငွေ မလောက်ငတော့သည့် ဒုက္ခများ လက်တွေ့ခံစားနေရကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်ကတည်းက လယ်ယာမြေများကို အခြားနည်းလမ်းအသုံးပြုခွင့် မရမီ ဆောက်လုပ်ခဲ့သဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် မညီဟုဆိုကာ ဆိုင်းငံ့ခိုင်းထားသည့် Green Land City စီမံကိန်းကို စစ်အာဏာသိမ်းပြီးနောက် ဝန်ကြီးချုပ် တင်မောင်ဝင်းက တက်သုတ်ရိုက် ပြန်လည်လုပ်ဆောင်နေသည်။

အဆိုပါ စီမံကိန်းကို ယခင် သန်းရွှေ စစ်အာဏာရှင်လက်ထက် အိုးအိမ်ညွှန်ချုပ်ဟောင်း အံ့ကျော် ၏ ညီဖြစ်သူ အောင်မင်း နှင့် ကြံ့ဖွတ်ပါတီ၏ အမာခံ အေးကျော် တို့က ဦးဆောင်ဆောက်လုပ်နေခြင်းဖြစ်​ကြောင်း သိရှိရသည်။

စီမံကိန်းကို Boffo Myanmar Co., Ltd (Green Land City) နှင့် အောင်မြင်ပြည့်စုံ ကုမ္ပဏီ အမည်များဖြင့် လုပ်ကိုင်နေပြီး တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်းအိမ်ရာ၊ ဈေးဝယ်စင်တာ၊ အားကစားကွင်း၊ ဆေးရုံနှင့် ကျောင်းများစွာ ပါဝင်မည်ဟု အမည်ခံထားသည်။

အဆိုပါ စီမံကိန်းကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရန်အတွက် ကုမ္ပဏီဘက်က တိုင်းဝန်ကြီး ချုပ် တင်မောင်ဝင်း: မြေကွက် ၁၀ ကွက်၊ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်ထံသို့ မြေကွက် ၅ ကွက်၊ အခြားသော စစ်ဘက်နှင့် အရပ်ဘက် တာဝန်ရှိသူများကိုလည်း မြေကွက်ခွဲတမ်းများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် အဆိုပါ Green Land City ၌ မြေကွက်ဝယ်ယူပါက မည်သည့်ရုံးမှ ခွင့်ပြုချက်စောင့်စရာမလိုဘဲ အိမ်တန်းဆောက်နိုင်သည်ဟု ဆိုကာ ရောင်းချနေပြီး၊ ဝန်ကြီးချုပ်နှင့် နယ်လုံဝန်ကြီးတို့အတွက် မြေကွက်များကိုမူ ခြံခတ်မြေဖို့ကာ အိမ်ပါဆောက်ပေးရန် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူတို့၏ ကိုယ်ပိုင်ဂရန်မြေပေါ်တွင် ဆောက်လုပ်ခွင့်တင်ခြင်းမှာ အဂတိတရားကြောင့် ကြန့်ကြာနေသော်လည်း၊ ဂရန်မရှိသော မြေလွတ်မြေရိုင်းနှင့် ဂရန်လန်းအိမ်ရာများတွင်မူ ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် အထပ်မြင့်၊ အထပ်နိမ့်များစွာ တရားမဝင် တည်ဆောက်နေကြကြောင်း သိရှိရသည်။

ဝန်ကြီးချုပ်တင်မောင်ဝင်းနှင့်အဖွဲ့ကို အရေးယူပေးရန် စစ်ခေါင်းဆောင် အကြမ်းဖက် မင်းအောင်လှိုင်ထံသို့ ပြည်သူ ၉ ဦးက တိုင်စာ ပေးပို့ထားခြင်းဖြစ်ကြောင်း၊ တင်မောင်ဝင်းသည် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ကြောင်း သိရှိရသည် ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article