ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
NLD အစိုးရက နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးပိတ်ဆို့မှုများအပါအဝင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း အကြမ်းဖက် စိုးဝင်းက ပြောဆိုလိုက်သည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရှမ်းပြည်နယ်၊ ရပ်စောက်မြို့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် ၎င်းက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက် စိုးဝင်းက NLD အစိုးရက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်ကာ နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ကြိုးပမ်းခဲ့သည့်အတွက် စစ်တပ်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်များကို ခေတ္တထိန်းသိမ်း ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်ဟု ပြောဆိုသည်။
စစ်တပ်က အာဏာ စတင်ရယူချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများမှတစ်ဆင့် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်လုပ်ရပ်များ ပေါ်ပေါက်ခဲ့ကြောင်း၊ ထိုအချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလဖြစ်ပြီး ပြည်ဖျက်အဖွဲ့များ၏ သွေးထိုးမှုကြောင့် နိုင်ငံ့ဝန်ထမ်းအချို့ လုပ်ငန်းခွင်စွန့်ခွာမှုများကိုလည်း ကြုံတွေ့ခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ယင်းအပြင် ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းနောက်ဆက်တွဲ ရေကြီးရေလျှံမှုဘေးနှင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး စသည့် သဘာဝဘေးအန္တရာယ်များကိုလည်း ရင်ဆိုင်ခဲ့ရကြောင်း စိုးဝင်းက ဆိုသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်များနှင့်အတူ နိုင်ငံရေး၊ စီးပွားရေးအရ ပိတ်ဆို့မှုများ အပါအဝင် အခြားသော စိန်ခေါ်မှုကြီးများစွာကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ရှေ့ဆက်၍ ကြုံတွေ့လာမည့် မည်သည့် အခက်အခဲအတားအဆီးများကိုမဆို စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားသွားကြရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။
စစ်အာဏာသိမ်းချိန် ပြည်တွင်းပြည်ပ ဘေးပယောဂများ၊ သွေးထိုးလှုံ့ဆော်မှုများနှင့် ခြိမ်းခြောက်မှုများကြောင့် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်း အချို့အပါအဝင် နိုင်ငံ့ဝန်ထမ်းအချို့ CDM (DCS ဟု သုံးနှုန်းထား) လုပ်ဆောင်ကာ လုပ်ငန်း ခွင် စွန့်ခွာမှုများ ရှိခဲ့ကြောင်း၊ ပြည်ဖျက်အဖွဲ့များအနေ ဖြင့် ယနေ့အချိန်ထိ ကောလဟလသတင်းများ ထုတ်လွှင့်ခြင်း၊ ငွေကြေးအရ မက်လုံးပေးစည်းရုံးမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် အနိမ့်ဆုံးတက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများဖြစ်သည့်အတွက် မလိုလားသူများ၏ သွေးထိုးသပ်လျှိုမှု၊ စည်းရုံးသိမ်းသွင်းမှုမခံရစေရေး အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြား ခွဲခြားသိမြင်နိုင်ရေးသည်လည်း အရေးကြီးကြောင်း အကြမ်းဖက် စိုးဝင်းက ထုတ်ဖော်ပြောဆိုသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစတင် အကြမ်းဖက် စစ်ခေါင်းဆောင် စိုးဝင်းနှင့် မင်းအောင်လှိုင်တို့မှာ NLD အစိုးရက မဲမသာမှု လုပ်၍ အာဏာသိမ်းခြင်းဖြစ်သည်ဟုဆိုကာ CDM ဝန်ထမ်းများကြောင့် အခက်အခဲ ဖြစ်ခဲ့ရသည်ဟု အကြိမ်ပေါင်းများစွာ ထုတ်ဖော်ပြောဆိုလျက်ရှိသည်။




