27 C
Yangon

မိုးကုတ်နှင့်မိုးမိတ်မြို့နယ်တွင် ၂ လတာအတွင်း တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပွားပြီး စစ်သား ၂၁ ဦးသေဆုံးကာ စစ်သုံ့ပန်းတချို့လည်း ဖမ်းဆီးနိုင်ခဲ့ပြီး ဒရုန်းနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်ရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်း မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်တွင် ၂ လတာအတွင်း တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပွားပြီး စစ်သား ၂၁ ဦးသေဆုံးကာ စစ်သုံ့ပန်းတချို့လည်း ဖမ်းဆီးနိုင်ခဲ့ပြီး ဒရုန်းနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း တိုက်ပွဲကြီး ၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ကြီးငယ်ပေါင်း ၁၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ အုပ်ချုပ်ထောက်ပံ့မှုရပ်ဝန်းများနှင့် အရေးကြီး ပစ်မှတ်များကိုလည်း အထူးစစ်ဆင်ရေးများဖော်ဆောင်ပြီး အဆက်မပြတ် ထိုးနှက်တိုက်ခိုက်လျက် ရှိကြောင်း၊ တိုက်ပွဲများနှင့် စစ်ဆင်ရေးများအတွင်း စစ်တပ်ဘက်မှ ၂၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိကြောင်း၊ တိုက်ပွဲများ အတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကိုလည်း လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးထားပြီး စနစ်တကျ ထိန်းသိမ်းထားရှိကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်/အဖွဲ့များ အနေဖြင့် မိုးကုတ်- မိုးမိတ်ဒေသအတွင်း အကြမ်းဖက် စစ်တပ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်တုံ့ပြန်ရုံမက နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကိုပါ စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကိုလည်း စနစ်တကျဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ စီရင်နိုင်ရေး သက်ဆိုင်ရာသို့ တရားခံများအား ညွှန်းပို့ လွှဲပြောင်းနိုင်ခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေးများအတွင်း ထိခိုက်ကျဆုံးခဲ့ရသော ရဲဘော် ရဲဘက်များ နှင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်သော ရဲဘော် ရဲဘက်များအား ဦးညွှတ်အလေးပြုပြီး တော်လှန်ရေးတာဝန်များကို အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article