ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မင်းရွာအနီးရှိ ခရီးသွားယာဉ်တန်းကို အကြမ်းဖက် စစ်တပ်က Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ကျော်ခန့်တွင် အရာတော်မြို့နယ်၊ မင်းရွာအနီးရှိ အရာတော်-မြင်းမူ လမ်းပိုင်းမှ ခရီးသွားယာဉ်တန်းကို အကြမ်းဖက် စစ်တပ်၏ မုံရွာ နမခ မှ တက်လာသော Gyrocopter ၃ စီးက လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ခရီးသွားပြည်သူများ၏ ကားအနီး ဗုံးများ ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“နမခ ကနေ တက်လာတဲ့ Gyrocopter ၃ စီးက အရာတော်မြို့နယ် မင်းရွာအနီး အရာတော်-မြင်းမူ လမ်းပိုင်းက ခရီးသွားယာဉ်တန်းကို ဗုံးကျဲ တိုက်ခိုက်သွားတာ ကျနော်တို့ သိရတာတော့ ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်။ ထိခိုက်သူ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာရှိ စတားလင့် အင်တာနက် အသုံးပြုနေသော နေရာနှင့် ဆီကျိတ်စက်ပေါ်ကို အကြမ်းဖက် စစ်တပ်၏ မုံရွာ နမခ မှ တက်လာသော စက်တပ်လေထီး ၂ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ခင်ဦးမြို့နယ်အတွင်း စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသော ခရီးသွားကား ၁ စီး (ပုံအဟောင်းဖြစ်သည်)




