ရန်ကုန်၊ မတ် ၁
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ၁ လကျော်ကြာ စစ်ကြောင်းထိုးနေသော စစ်တပ်ကို လိုက်လံ တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိကာ ၁ ဦးအလင်းဝင်ရောက်လာကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ပြီး ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော အင်အား ၁၈ဝ ခန့်ရှိ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ၁ လကျော်ကြာ ခုခံ တိုက်ခိုက်ခဲ့ကြောင်း၊ ရှပ်ပုံကျေးရွာတွင် တစ်လကျော်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲပေါင်း ၁ဝ ကြိမ်ကျော်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ ဒရုန်းများဖြင့်လည်း မီးလောင်ဗုံးများ ကျဲချခဲ့သည့်အတွက် ရှပ်ပုံကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၆ဝ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် တော်လှန်ရေးပူးတွဲစစ်ကြောင်းသည် အကြမ်းဖက် စစ်တပ်ကို အရှိန်အဟုန်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီခန့်တွင် တန်းရှင်း ဘုန်းကြီးကျောင်း၊ မွန်းလွဲ ၃ နာရီခန့်တွင် သင်္ကန်းတော စေတီကုန်းနှင့် ဘုန်း ကြီးကျောင်းတို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စခန်းများ လက်လွှတ်လိုက်ရသော စစ်တပ်က ယင်းနေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဂျက်ဖိုက်တာဖြင့် သင်္ကန်းတောဘုန်းကြီးကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများတွင် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းဘက်မှ ရဲဘော် ၇ ဦးနှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်သား ၁ ဦးကိုလည်း အရှင်ဖမ်းမိကာ ၁ ဦးမှာ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်း ဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီး ရမိသော စစ်သား နှင့် အလင်းဝင်သော စစ်သားတို့ကို နိုင်ငံတကာစစ်သုံ့ပန်း ဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရှိရသည်။
“လက်ရှိအထိလည်း တိုက်ပွဲဖြစ်နေတုန်းပဲ။ စစ်တပ်က အထိနာတိုင်း လက်နက်မဲ့ ပြည်သူကိုပဲ ရန်ရှာလေ့ရှိတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဘေးကင်းရာမှာပဲ ဆက်နေဖို့ အရေးကြီးတယ်။ စစ်အုပ်စုတွေကို မြန်နိုင်သမျှမြန်မြန် ဖယ်ရှားပစ်မှသာ တိုင်းသူပြည်သားများအတွက် အေးချမ်းလုံခြုံမှုကို ရမှာပါ။ ဒီလောက်ရက်စက်ဆိုးဝါးလွန်းတဲ့ လက်နက် အာဏာနဲ့ အနိုင်ကျင့်တတ်တဲ့ အဖွဲ့အစည်းမျိုး ဘယ်လူမှုပတ်ဝန်းကျင်မျိုးမှာမှ မရှိသင့်ဘူးလို့ပြောချင်ပါတယ်” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း(PDF)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၇နှင့် မဟာမိတ်တပ်ပေါင်းစု ဒရုန်းတပ်ဖွဲ့က ပူးပေါင်းလုပ်ခဲ့ကြောင်း၊ စစ်ရေးအခြေအနေသည် ဆက်လက်ပြင်းထန်နေဆဲဖြစ်၍ ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံ ရာတွင် ဆက်လက်နေထိုင်ပေးကြပါရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးသတိပေးချက်များကို တိကျစွာ လိုက်နာပေးကြရန် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက အသိပေးပြောဆိုထားသည်။






