24 C
Yangon

တောင်ကြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးလှိုင်မြင့် ကိုယ်တိုင် ဦးဆောင်၍ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေပြီး ဖမ်းဆီးရရှိသော လူများ ပိုနေပါက အခြားမြို့များသို့ ပြန်လည်ရောင်းစား

Must read

ရန်ကုန်၊ မတ် ၂

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်မှူးလှိုင်မြင့် ကိုယ်တိုင်ဦးဆောင်၍ လမ်းသွားလမ်းလာများကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ယခင်က စစ်မှုထမ်းရန် လူစုဆောင်းရာတွင် ပျူစောထီးများကိုသာ အသုံးချ၍ ပေါ်တာဆွဲခိုင်းပြီး အာ ဏာ ပိုင်များက မသိချင်ယောင်ဆောင်ခဲ့သော်လည်း ယခုအခါတွင်မူ တောင်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးလှိုင်မြင့် ကိုယ်တိုင် လူမြင်ကွင်းတွင် ဦးဆောင် ပါဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အရင်က ပျူစောထီးတွေနဲ့ပဲ လုပ်တာ။ အခုက သူတို့ကိုယ်တိုင် ဦးဆောင်ပြီး လုပ်လာတာ။ ကျွန်တော်ကိုယ်တိုင် အဖမ်းခံရတာ၊ နောက်မှ ဌာနဆိုင်ရာမှန်း သိလို့ ပြန်လွှတ်ပေးတာ” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဝန်ထမ်းတစ်ဦးက ပြောပြသည်။

ဗိုလ်မှူး လှိုင်မြင့်ကိုယ်တိုင် ပေါ်တာဆွဲ ဖမ်းဆီးရာတွင် ဖမ်းဆီးသည့် ပုံစံများအနေဖြင့် ညပိုင်းကင်းလှည့်ခြင်း၊ ည ၉ နာရီနောက်ပိုင်းတွင် လုံခြုံရေးအကြောင်းပြ ကင်းလှည့်သည့်ပုံစံဖြင့် လူပြတ်သည့်နေရာများ၌ စောင့်ဆိုင်းကာ ဖမ်းဆီးကြောင်း၊ ထို့ပြင် အရပ်ဝတ်ဖြင့် လှည့်လည်ပေါ်တာဆွဲခြင်းကဲ့သို့ စစ်တပ်အသုံးအဆောင်များ မပါဘဲ အရပ်ဝတ်များ၊ အရပ်ကားများဖြင့် လှည့်လည်၍ ပေါ်တာဆွဲသည့် လုပ်ငန်းကို လုပ်ဆောင်နေကြောင်း သိရှိရသည်။

တောင်ကြီးမြို့နယ် ဌာနတွင်း သတင်းရင်းမြစ်များ၏ အဆိုအရ ထိုသို့ ပေါ်တာဆွဲခြင်းမှာ အင်အားမပြည့်၍ လုပ်ဆောင်ရခြင်းထက် စစ်တပ်၊ရဲနှင့် ဌာနဆိုင်ရာများက ငွေကြေး အကျိုးအမြတ် ရယူလိုခြင်းကြောင့် ဖြစ်သည်ဟု သိရှိရသည်။

တောင်ကြီးမြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများမှ ကောက်ခံထားသည့် “စစ်မှုထမ်းကြေး” ငွေများဖြင့် လူဝယ်ယူခြင်း မပြုတော့ဘဲ ပေါ်တာဆွဲ၍ ရရှိသည့် လူများကို စစ်တပ်ထဲထည့်ကာ အဆိုပါငွေများကို ဗိုလ်မှူးလှိုင်မြင့်နှင့် ဌာနဆိုင်ရာများက ကိုယ်ကျိုးအတွက် ယူဆောင်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ဖမ်းဆီးရမိသည့် လူပိုများပါက အခြားမြို့များသို့ ပြန်လည်ရောင်းစားခြင်းများပါ ပြုလုပ်နေကြောင်း ၊ ယခင်က ရန်ကုန်နှင့် မန္တလေးဘက်မှ ပေါ်တာဆွဲ၍ လာရောက်ရောင်းချသူများကို အောင်ပန်းနှင့် ရွှေညောင်တို့မှတစ်ဆင့် ဝယ်ယူခဲ့သော်လည်း ယခုအခါတွင်မူ ကိုယ်တိုင်ပေါ်တာဆွဲ၍ စီးပွားရှာသည့် ပုံစံသို့ ပြောင်းလဲလာခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် တပေါင်းပွဲတော်ကာလဖြစ်၍ ခရီးသွားလာသူများပြားသည့်အချိန်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် သတိပြုသွားလာကြရန် ဒေသပြည်သူများက သတိပေးသည်။

အကြမ်းဖက်စစ်တပ်က လာမည့် မတ်လလယ်ပိုင်းတွင် စစ်မှုထမ်းအပတ်စဉ် ၂၃ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသောလူငယ်များကို အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article