27 C
Yangon

လေးမျက်နှာရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီး၊ Y-12 တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာ ၄ ခုမှ နေအိမ် အများအပြား မီးလောင်ပြာကျ၊ မြေပြင်စစ်ကြောင်းကလည်း ရွာများကို ဆက်တိုက် စီးနင်းနေ

Must read

ရန်ကုန်၊ မတ် ၂

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီး၊ Y-12 တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာ ၄ ခုမှ နေအိမ် အများအပြား မီးလောင်ပြာကျခဲ့ပြီး မြေပြင်စစ်ကြောင်းကလည်း ရွာများကို ဆက်တိုက် စီးနင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလပိုင်းမှ စတင်၍ အကြမ်းဖက် စစ်တပ်က လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများကို ဒရုန်း၊ လက်နက်ကြီး၊ Y-12 တို့ဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှုအတွင်း စောပြာရွာနှင် ကျားကိုက်ရွာတို့ရှိ နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ပြီး စစ်တပ်က မီးလောင်ဗုံးများပါ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြေပြင် စစ်ကြောင်းကလည်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ညောက်ခြေထောက်ရွာနှင့် ရေဖြူရွာတို့ကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်နေအိမ်အတွင်းရှိ ပစ္စည်းများကို စိတ်ကြိုက် ယူဆောင်သွားကြောင်း၊ ယင်းစစ်ကြောင်းသည် ကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“စောပြာရွာနဲ့ ကျားကိုက်ရွာ တို့ကို စစ်ခွေးတွေက မီးလောင်ဗုံးတွေကျဲချလို့ ရွာတွေ အကုန်မီးလောင်သွားပါတယ်။ စစ်ခွေးတွေက ဒရုန်းနဲ့လည်းကျဲတယ်။ လက်နက်ကြီး၊ Y-12 တွေနဲ့ အကုန်သုံးပြီး ဗုံးကျဲ တိုက်ခိုက်တာ နောက်ပြီး ၂၂ ရက်နေ့မှာ စစ်ခွေး စစ်ကြောင်းက ညောင်ခြေထောက်ရွာနဲ့ ရေဖြူရွာက နေအိမ်တွေကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေ ခိုးယူသွားတယ်။ အဲခွေးစစ်ကြောင်းက နေအိမ်တွေကို မီးရှို့တာတွေလည်း လုပ်သွားတယ်။ စစ်ခွေးစစ်ကြောင်းကလည်းရှိတော့ ရွာထဲ ပျက်စီးအခြေအနေတွေကို ကျနော်တို့ အသေးစိတ် မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

၂၀၂၅ ခုနှစ်တွင် ဧရာဝတီတိုင်းအတွင်း အကြမ်းဖက် စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူနှင့် နေအိမ် အဆောက်အအုံ များကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်အတွင်းရှိ ပြည်သူ ၆၉ ဦးသေဆုံးပြီး ၁၂၅ ဦး ထိခိုက်ဒဏ်ရာရကာ ပြည်သူပိုင် နေအိမ်၊ အဆောက်အအုံ ၁၆၇ လုံးပျက်စီးခဲ့ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လေးမျက်နှာမြို့နယ်၊ စောပြာကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မီးလောင်ပျက်စီးခဲ့သော နေအိမ်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article