ရန်ကုန်၊ ဇွန် ၆
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ LIDA Myanmar စက်ရုံတွင် အချိန်ပိုဆင်းရန် ဆဲဆိုဖိအားပေးသည့် မန်နေဂျာကို အလုပ်ထုတ်ပယ်ပေးရန် အလုပ်သမားများ ၆ ရက်ကြာ ဆန္ဒပြတောင်းဆိုနေကြောင်း Solidarity of Trade Union Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ဥဿဖရားလမ်းတွင် ဖွင့်လှစ်ထားသော LIDA Myanmar Co., Ltd. အထည်ချုပ်စက်ရုံ၌ အလုပ်သမားများကို အချိန်ပိုဆင်းရန် ဆဲဆိုဖိအားပေးသည့် မန်နေဂျာကို အလုပ်ထုတ်ရန်အတွက် ယနေ့ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းအထိ တောင်းဆိုဆန္ဒပြနေခြင်းဖြစ်ကြောင်း၊ လတ်တလော ဆန္ဒပြအလုပ်သမားစုစုပေါင်း ၁၈၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။
အလုပ်သမားများကို ကြိုတင်အကြောင်းမကြားဘဲ အချိန်ပိုခေါ်ယူသည့်အတွက် အလုပ်မဆင်းနိုင်ကြောင်း ငြင်းဆန်ပြောဆိုမှုအပေါ် စက်ရုံအထွေထွေမန်နေဂျာ ဒေါ်သူဇာက အလုပ်သမားများအား ရိုင်းစိုင်းစွာ ဆဲဆိုခဲ့သည့်အပြင် “All Night မဆင်းရင် အခုချုပ်နေတဲ့ အော်ဒါတွေ ချမပေးတော့ဘူး၊ လူတွေကိုလည်း လိုင်းချိန်းပစ်မယ်” ဟု ဆိုကာ လုပ်ငန်းခွင်အတွင်း အာဏာသုံး၍ ခြိမ်းခြောက်မှုများပါ ပြုလုပ်ခဲ့သည်။
ယင်းနောက် အဆိုပါ စက်ရုံမှ အလုပ်သမားများက ဆဲဆိုသည့် မန်နေဂျာ ဒေါ်သူဇာကို အလုပ်ထုတ်ပေး၍ ပြင်းပြင်းထန်ထန် အရေးယူပေးရန် တောင်းဆို ဆန္ဒပြနေကြခြင်းဖြစ်သည်။
အလုပ်သမားဥပဒေအရ အချိန်ပိုခေါ်ယူပါက ကြိုတင်ညှိနှိုင်းအကြောင်းကြားရမည်ဖြစ်သော်လည်း အတင်း အကျပ် ဆင်းခိုင်းခြင်း၊ လုပ်ငန်းခွင်အတွင်း ခြိမ်းခြောက်ဖိအားပေးခြင်း၊ အချိန်ပိုမဆင်းပါက အလုပ်ခွင်တွင် အဆင် မပြေဖြစ်အောင် အော်ဒါဖြတ်တောက်မည်၊ လိုင်းပြောင်းရွှေ့ပစ်မည်ဟု ခြိမ်းခြောက်ခြင်းနှင့် ရိုင်းစိုင်းစွာ အလုပ်သမားများအပေါ် ဆက်ဆံခြင်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စက်ရုံအတွင်း စူပါဗိုက်ဆာ (Supervisor) များ၏ ဖိအားပေးစေခိုင်းမှုကြောင့် လုပ်ငန်းခွင်ဝင်နေရသည့် အလုပ်သမားများမှလည်း ဆက်လက်သည်းမခံနိုင်တော့သဖြင့် လစာထုတ်ယူပြီး အလုပ်မှ ထွက်ခွာသွားကြကြောင်း သိရသည်။
အလုပ်သမားများ ဆန္ဒပြနေသည့်အတွက် လတ်တလောတွင် စက်ရုံက No Work, No Pay (အလုပ်မလုပ်လျှင် လစာမပေး) ကြေညာထားသည်။
အလုပ်သမားနှင့် အလုပ်ရှင်အကြား နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှုမှာ ၂ ကြိမ်တိတိ ရှိခဲ့သော်လည်း သဘောတူညီမှုမရရှိဘဲ လာမည့် တနင်္လာနေ့ ဇွန်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သာဓုကန်စက်မှုဇုန်ရုံး၌ နောက်ဆုံးအကြိမ် ထပ်မံညှိနှိုင်းသွားရန် ရှိနေသည်။
Solidarity of Trade Union Myanmar မှ တာဝန်ရှိသူက “အလုပ်သမားတွေကတော့ မနေ့က အလုပ်ရှင်ကို သူတို့က စိန်ခေါ်တဲ့ လေသံမျိုး ပြောခဲ့တာပေါ့နော်။ သူတို့ကို ရွေးမယ်ဆိုရင် ရွေး စူပါကို ရွေးမယ်ဆိုရင် သူတို့ နစ် နာကြေးပေးမယ်ဆိုပြီး၊ အလုပ်ထုတ်ပေါ့။ ဒီနှစ်ခုထဲက ကြိုက်တာရွေး အခုလိုမျိုးကြီး လုပ်ထားတာ အဓိပ္ပာယ်မရှိဘူးလို့ သူတို့ ပြောခဲ့တယ်။ အဲဒါကို ညှိနှိုင်းပေးတဲ့ ဦးစီးတွေက ဖြေရှင်းလို့ရအောင်ဆိုပြီး ၃ ရက် အချိန်ပေးလိုက်တာ။ သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ ရက် စဉ်းစား တနင်္လာနေ့မှာ အဖြေပြန်ပေးပေါ့နော်။ အလုပ်သမားတွေ ပြောတာကို အလုပ်သမားတွေ ပြောတာ ဟုတ်တယ်လေ။ ဘာမှန်းမသိဘဲနဲ့ အခုလိုမျိုးကြီး နေမလား သူတို့ ဖြုတ်လည်း ဖြုတ်ပလိုက်ပေါ့ သဘောက မနေ့က လစာထုတ်တယ်။ ခုလကတော့ လကုန်မှ သိရမှာ စက်ရုံဘက်ကတော့ No work no pay ကြေညာထားတယ်”ဟု ပြောဆိုသည်။
အလားတူ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာသံမဏိစက်မှုဇုန်ရှိ (A&C) Myanmar AUTUMN & CHAMPAGNE GARMENTS & TEXTILE CO,LTD အထည်ချုပ်စက်ရုံတွင် တရုတ်လူမျိုး မန်နေဂျာများနှင့် နည်းပညာရှင်များက အလုပ်သမားများအား ၎င်းတို့၏ သဘောဆန္ဒမပါဘဲ အချိန်ပို (OT) များကို အတင်းအဓမ္မ ဖိအားပေးဆင်းခိုင်းနေကြောင်း ကာယကံရှင် အလုပ်သမားများ၏ ပြောပြချက်အရ သိရသည်။
အလုပ်သမားအင်အား ၂,၀၀၀ ဝန်းကျင်ဖြင့် လည်ပတ်နေသည့် အဆိုပါစက်ရုံတွင် ဇွန်လ ၅ ရက်နေ့ကလည်း ပါကင်ဌာန (Packing)၊ Mo-Pattern ဌာနနှင့် စက်ချုပ်လိုင်းအသီးသီးမှ အလုပ်သမား ၁၀၀ ကျော်ကို အချိန်ပို (OT) များ အတင်းအကြပ် ဆင်းခိုင်းခဲ့သည်။
ထို့အပြင် ယနေ့ ဇွန်လ ၆ ရက်နေ့တွင်လည်း စက်ရုံအတွင်းရှိ လိုင်းအားလုံး (All Line) ကို မိုးလင်းပေါက်အထိ ညလုံးပေါက် အချိန်ပို (OT All Night) ဆင်းရန် အတင်းအဓမ္မ စေခိုင်းထားကြောင်း အလုပ်သမားများက ပြောဆိုကြသည်။
စက်ရုံမှ တရုတ်မန်နေဂျာများနှင့် တရုတ်လူမျိုး နည်းပညာရှင်များက အလုပ်သမားများကို ၂ ရက်ခြား ၁ ကြိမ် ပုံစံမျိုးဖြင့် ညလုံးပေါက် အချိန်ပိုဆင်းခြင်းကို စိတ်ကြိုက် ဇွတ်အတင်း ခိုင်းစေနေခြင်းကြောင့် အလုပ်သမားများက ကြုံတွေ့နေရသည့် အခက်အခဲအခြေအနေကို STUM အဖွဲ့ထံ ဆက်သွယ်တိုင်ကြားလာကြကြောင်း သိရှိရသည်။
(A&C) Myanmar အထည်ချုပ်စက်ရုံကို ၂၀၂၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဂျာမနီနိုင်ငံအခြေစိုက် တံဆိပ်အထည်များကို ချုပ်လုပ်နေသည့် စက်ရုံဖြစ်သည်။






