ရန်ကုန်၊ မတ် ၄
ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်၊ နွားခြံကျေးရွာအုပ်စု၊ ကုန်းတောင်နီကျေးရွာတွင် စစ်တပ်၏ ဒေါက်တိုင်ဖြစ်သူ ပျူစောထီးခေါင်းဆောင် သိန်းဇော်မှာ သစ်ပင်ပေါ်မှ ပြုတ်ကျ၍ ဇက်ကျိုးသေဆုံးပြီး ယနေ့သဂြိုလ်မည်ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
မတ်လ ၂ ရက်နေ့၊ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် အရက်မူးနေသည့် ပျူစောထီးခေါင်းဆောင် သိန်းဇော်က ခွေးတောက်နွယ်ပင်များရှိနေသည့် သစ်ပင်ပေါ်သို့ တက်ရောက်၍ ခွေးတောက်ရွက် ခူးယူစဉ် အောက်သို့ ပြုတ်ကျခဲ့ကြောင်း၊ သစ်ပင်ပေါ်မှ ပြုတ်ကျစဉ် ဇက်ကျိုးကာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူ ပျူခေါင်းဆောင် သိန်းဇော်သည် မသေဆုံးမီ တစ်ရက်အလို မတ်လ ၁ ရက်နေ့ ကုန်းတောင်နီကျေးရွာမှ ပြည်သူများကို သဲဖြူကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် မြင့်ဦး၏နေအိမ်တွင် လုပ်သည့် အစည်းအဝေးသို့ မဖြစ်မနေတက်ရောက်ရန် ဖိအားပေးခဲ့ကြောင်း၊ ယင်းနောက် အစည်းအဝေးတွင် စစ်မှုထမ်းကြေးအဖြစ် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၄ သောင်းစီ အဓမ္မကောက်ခံခဲ့ကြောင်း၊ လူငယ်များ ပေါ်တာဆွဲခံရမှုများတွင်လည်း သိန်းဇော်က ပါဝင်ပတ်သက်ကြောင်း သိရှိရသည်။
ပျူစောထီးခေါင်းဆောင် သိန်းဇော်မှာ ယခင်အုပ်ချုပ်ရေးမှူးဟောင်း ကိုဌေး လက်ထက်ကတည်းက ပျူစောထီးခေါင်းဆောင်အဖြစ် တာဝန်ယူကာ စစ်တပ်အတွက် သတင်းပေးခြင်းနှင့် စုဆောင်းခြင်းလုပ်ငန်းများကို အစဉ်တစိုက် လုပ်ဆောင်ခဲ့သူဖြစ်သည်ဟု သိရှိရသည်။
ပျူခေါင်းဆောင် သိန်းဇော်၏ ရုပ်အလောင်းကို ယနေ့ မတ်လ ၄ ရက်နေ့၊ နံနက် ၁၁ နာရီတွင် ကုန်းတောင်နီကျေးရွာ၌ပင် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။




