ရန်ကုန်၊ မတ် ၄
မြန်မာနိုင်ငံမှ နူကလီးယားဓာတ်သတ္တုကုန်ကြမ်းကို အီရန်နိုင်ငံသို့ ရောင်းချရန် ကြိုးပမ်းခဲ့သော ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင် Takeshi Ebisawa ကို အမေရိကန်ပြည်ထောင်စုရှိ တရားရုံးက ထောင် ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရှိရသည်။
အမေရိကန်ပြည်ထောင်စုရှိ New York တရားရုံးတစ်ရုံးက Takeshi Ebisawa (အီဘီဆာဝါ) ကို နျူကလီးယားပစ္စည်းများ ကူးသန်းရောင်းဝယ်မှု၊ မူးယစ်ဆေး ဝါးနှင့် လက်နက်များ လိုင်စင်မရှိ ကုန်သွယ်မှုဆိုင်ရာ အမှုများဖြင့် အပြစ်ရှိကြောင်း စီရင်ချက်ချပြီး ထောင်ဒဏ် ၂၀ နှစ် ချမှတ်လိုက်ကြောင်း သိရှိရသည်။
အသက် ၆၁ နှစ်ရှိ အီဘီဆာဝါသည် ဂျပန်မှ ယာကူဇာအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ မူးယစ်ဆေးဝါးနှင့် လက်နက်မှုများကြောင့် ထိန်းသိမ်းခံထားရသူဖြစ်သည်။ ၎င်းနှင့်အတူ ထိုင်းနိုင်ငံ သား Somphop Singhasiri လည်း ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါအမှုများကို US Drug Enforcement Administration (DEA) က နှစ်ပေါင်းများစွာ စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
အမေရိကန်တရားရေးအရာရှိများ၏ ပြောကြားချက်အရ အီဘီဆာဝါသည် ၂၀၂၄ ခုနှစ်တွင် စစ်ရေးအဆင့်မြင့် နျူကလီးယားပစ္စည်းများကို ရောင်းချရန် ကြိုးပမ်းခဲ့ပြီး ထိုမှရရှိသောငွေဖြင့် လက်နက်များ ဝယ်ယူကာ မြန်မာနိုင်ှုံ ရှိ လက်နက်ကိုင်အဖွဲ့များထံ ပို့ဆောင်ရန် စီစဉ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ၎င်းသည် ဟီရိုအင်နှင့် မက်သာဖက်တမင်း စသည့် မူးယစ်ဆေးဝါးများကိုလည်း ရောင်းဝယ်ရန် ကြိုးပမ်းခဲ့ပြီး လေယာဉ်တိုက်လက်နက်များအပါအဝင် စစ်ရေးသုံးလက်နက်များ ဝယ်ယူရန် ရည်ရွယ်ခဲ့ကြောင်း တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြထားသည်။
အမေရိကန် အမျိုးသားလုံခြုံရေးဌာနမှ တာဝန်ရှိသူများကလည်း အီဘီဆာဝါက စစ်သုံးပလူတိုနီ ယမ်ကို အီရန် သို့ ရောင်းချရန် ကြိုးပမ်းခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အီဘီဆာဝါသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စုစုပေါင်း စွဲချက် ၆ ချက်အပေါ် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး ယခုအခါ ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခံရခြင်းဖြစ်သည်။
အဆိုပါအမှုသည် မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် ဆက်စပ်နိုင်သည့် နိုင်ငံတကာ လက်နက်နှင့် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုကွန်ယက်များအကြောင်း ထင်ရှားစေသော အမှုတစ်ခုဖြစ်သည်။
ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင် အီဘီဆာဝါ က နူကလီးယားဓာတ်သတ္တုကုန် ကြမ်းများကို ရှမ်း ပြည်နယ်မှ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော RCSS ဥက္ကဋ္ဌ ယွက်ဆစ်ထံမှ ရယူခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်တရားရေးဌာနက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် သတင်းထုတ်ပြန်ခဲ့သည်။
RCSS ဥက္ကဋ္ဌ ယွက်ဆစ်ကမူ ယူရေနီယံ အကြောင်းကိုပင် စိုးစဉ်းမျှ သိနားလည်ခြင်းမရှိကြောင်း၊ နိုင်ငံခြားသားတစ်ဦးက ယူရေနီယံဓာတ်သတ္တုဝယ်ယူလိုသည်ဟု ဆက်သွယ်ဖူးကြောင်း တရားဝင် ထုတ်ပြန်ငြင်းဆိုခဲ့သည်။
“သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌကြီးစဝ်ယွက်စစ်က လွန်ခဲ့သောနှစ်အနည်း ငယ်ခန့်က သျှမ်းပြည်အတွင်း၌ ယူရေနီယံဓါတ်သတ္တုထွက်သည်ဟုသတင်းရသဖြင့် အဆိုပါဓါတ်သတ္တုများဝယ်ယူလိုကြောင်း နိုင်ငံခြားသားတဦးဦးကပြောဆိုလာခဲ့ဖူးကြောင်း၊ သို့ရာတွင် မိမိအနေဖြင့် မည်သည့်နေရာဒေသတွင် အဆိုပါယူရေနီယံများထွက်သည်ကို တကြိမ်တခါမျှမကြားသိရဖူးကြောင်း၊ ယူရေနီယံအကြာင်းကိုပင်စိုးစဥ်းမျှ သိနားလည်ခြင်းမရှိသဖြင့် လေ့လာကြည့်ပါဦးမည်ဟူ၍သာပြန်ကြားခဲ့ဖူးကြောင်း၊ မည်သည့်အရောင်းအဝယ်ကိစ္စကို မည်သူနှင့်မျှ တုန့်ပြန်ဆွေးနွေးမှုမပြုခဲ့ဖူးကြောင်း၊ အဆိုပါစွပ်စွဲချက်များမှာ ရှေးယခင်ကနည်းတူ မိမိအားမူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်မည်သို့ပတ်သက်သည်ဟု တဖက်သတ်စွပ်စွဲခဲ့ဖူးသော အရင်းအမြစ်မရှိသည့် Discredit လုပ်ရပ်တခုသာဖြစ်ကြောင်း” RCSS က ၂၀၂၄ ခုနှစ်တွင် တရားဝင် သတင်းထုတ်ပြန် ငြင်းဆိုခဲ့သည်။
ဂျပန်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်မှတစ်ဆင့် အီရန်နိုင်ငံထံသို့ မြန်မာပြည်ထွက် နူကလီးယားဓာတ် သတ္တုကုန် ကြမ်းများ ရောင်းချရန် ကြိုးစားခဲ့သူမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဖြစ်ကြောင်း အမေရိကန်တရားရေးဌာန၏ စွဲချက်ဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
၂၀၂၂ ခုနှစ်တွင် မူးယစ်ဆေးဝါးမှု နှင့် လက်နက်မှောင်ခို အမှုများဖြင့် ဖမ်းဆီးခဲ့သော ဂျပန် ယာကူဇာ ဂိုဏ်းခေါင်းဆောင် Takeshi Ebisawa သည် အီရန်ဗိုလ်ချုပ်ကြီးဟု ယူဆရသူတစ်ဦးထံသို့ မြန်မာနိုင်ငံမှ နျူကလီးယား လက်နက် အဆင့် ထုတ်လုပ်နိုင်သော ကုန်ကြမ်းဓာတ်သတ္တု ပစ္စည်းများရောင်းချရန် ကြိုးပမ်းမှုဖြင့် အမေရိကန်က စွဲချက်အသစ် တင်လိုက်ကြောင်း၊ မူလ မူးယစ် ဆေးဝါးနှင့် လက်နက်အမှုများ အပြင် နောက်ထပ် စွဲချက် အသစ်များ ဖြင့် ထပ်မံ တရားစွဲတင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
၂၀၂၀ ခုနှစ်တွင် Ebisawa က သူ့ထံတွင် နူကလီးယားဓာတ်သတ္တုကုန်ကြမ်းများ ရောင်းချရန် ရှိကြောင်း၊ ထို့ကြောင့် ယူရေနီယံ ဝယ်လိုသူရှိ ၊ မရှိ လျှို့ဝှက် အေးဂျင့် တစ်ခုကို မေးမြန်းခဲ့ကြောင်း၊ အဆိုပါ အေးဂျင့်သည် အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ဖြစ်ပြီး အယောင်ဆောင်ထားသော အေးဂျင့်တစ်ခုဖြစ်ကြောင်း သိရှိရသည်။
Ebisawa က နူကလီးယားဓာတ်သတ္တုကုန်ကြမ်းဟု ယူဆရသည့် သတ္တုတချို့နှင့် ရေဒီယိုဓာတ်သတ္တုကြွမှု တိုင်းထားသည့်စက်တွင် “ရေဒီယိုသတ္တိကြွဒြပ်စင်များ သိုရီယမ်နှင့် ယူရေနီယမ် ပါဝင်မှု” ကို တိုင်းတာပြသနေသည့် ဓာတ်ပုံကို လျှို့ဝှက် အေးဂျင့်ထံသို့ ပေးပို့ခဲ့ကြောင်း သိရှိရသည်။
အမေရိကန်လျှို့ဝှက်အေးဂျင့်က Ebisawa ကို နူကလီးယား ဓာတ်သတ္တုကုန်ကြမ်း အရောင်းအဝယ် အတွက်ကူညီပေးမည်ဟု သဘောတူပြီး အီရန်ဗိုလ်ချုပ်ကြီးအဖြစ် ဟန်ဆောင်ထားသည့် အခြားလျှို့ဝှက်သတင်းရင်းမြစ်နှင့်ထပ်မံ ချိတ်ဆက်ပေးခဲ့ကြောင်း သိရှိရသည်။
အီရန်အနေဖြင့် နူကလီးယားလက်နက် ထုတ်လုပ်ရန် လိုအပ်နေသောကြောင့် ဓာတ်သတ္တုကုန်ကြမ်းများသည် နျူကလီယားလက်နက်အဆင့်အထိ အသုံးပြုနိုင်ခြင်းရှိ၊ မရှိ အယောင်ဆောင်ထားသော လျှို့ဝှက် အေးဂျင့်က Ebisawa ကို မေးမြန်းခဲ့ကြောင်း သိရှိရသည်။
Ebisawa က နူကလီးယားလက်နက် ထုတ်လုပ်နိုင်မည်ဟု ထင်မြင်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်က ယူရေနီယံအပါအဝင် နူကလီးယားဓာတ်သတ္တုကုန်ကြမ်းများကို Ebisawa မှတစ်ဆင့် အီရန်သို့ ရောင်းချလိုပြီး ရရှိသော ငွေကြေးဖြင့် လက်နက်ခဲယမ်းများ အများအပြား ဝယ်ယူလိုသည်ဟု ၂၀၂၁ ခုနှစ်တွင် လျှို့ဝှက်အေးဂျင့်သို့ Ebisawa က ပြောဆိုခဲ့ကြောင်း သိရှိရသည်။
မှတ်တမ်းတင်ထားသော ဗီဒီယိုခေါ်ဆိုမှု ဆွေးနွေးပွဲတွင် မြန်မာ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်၏ ကိုယ်စားလှယ် ပွဲစားများက နျူကလီ ယားကုန်ကြမ်း ကီလိုဂရမ် ထောင်ပေါင်းများစွာ၎င်း တို့တွင် ရှိကြောင်း၊ ၎င်းတို့နယ်မြေတွင် “နျူကလီးယား ဓာတ်သတ္တု ကုန်ကြမ်း ၅ တန်အထိ ထုတ်လုပ်နိုင်ကြောင်းထုတ်ဖော်ပြောဆိုထားသည်။
အမေရိကန် လျှို့ဝှက်အေးဂျင့်က မြန်မာပြည်မှ လက်နက်ကိုင်ခေါင်း ဆောင်၊ ပွဲစားများနှင့်အတူ ဆွေးနွေးရင်း အီရန်မှ လက်နက်များနှင့် ယူရေနီယံ များ လဲလှယ်ကြရန်သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ်တွင် ထိုင်းအာဏာပိုင်များက အမေရိကန်လျှို့ဝှက် အေးဂျင့်ထံသို့ Ebisawa က ဓာတ်ပုံ ပေးပို့ ပြသခဲ့သည့် နျူကလီးယား ကုန်ကြမ်းနမူနာများကို ဖမ်းဆီးရရှိခဲ့ပြီး အမေရိကန်အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နူကလီးကုန်ကြမ်းနမူနာများကို စစ်ဆေးရာ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည်အထိ အဆင့်ရှိသည့် ယူရေနီယမ်၊ သိုရီယမ် နှင့် ပလူတိုနီ ယမ် ပါဝင်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။
“အလုံအလောက် ပမာဏနဲ့ ထုတ်လုပ်ရင် ကုန်ကြမ်းမှာ တွေ့ရတဲ့ ပလူတိုနီ ယမ် တွေဟာ နူကလီးယားလက်နက်မှာ အသုံးပြုလို့ရတယ်” ဟု တရားစွဲဆိုချက်တွင် ရေးသားဖော်ပြခဲ့သည်။




