ရန်ကုန်၊ မတ် ၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၇၀ အရွယ် အဘွားအို ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး ယနေ့ မတ်လ ၄ ရက်နေ့ လက်ရှိချိန်ထိ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်းနှင့် ကလပ်ကုန်းဘက်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲဖြစ်ပွားရာနေရာကို အကြမ်းဖက် စစ်တပ်၏ ဖားကန့်ဗျူဟာကုန်းက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ကလပ်ကုန်းအနီးကို ကျည်ကျရောက် ပေါက်ကွဲပြီး အသက် ၇၀ အရွယ် အဘွားအို ဒေါ်ဂျာဖာလု နှင့် အမည်မသိ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“လက်နက်ကြီးထိတဲ့ အဘွားအို အမည်က ဒေါ်ဂျာဖာလုလို့ သိရတယ်။ အသက်ကတော့ ၇၀ ရှိပြီတဲ့ ဖားကန့် တိုက်ပွဲက မနေ့တည်းက ဖြစ်နေတာ မနေ့ကတော့ ဖြစ်လိုက်နားလိုက်နဲ့ ဒီနေ့တော့ နည်းနည်းပိုပြီးတော့ တိုက်ပွဲချိန်များလာတာပေါ့။ အခုလက်နက်ကြီးပစ်တာ ကလပ်ကုန်းဘက်ကို ကျတာလို့ သိရတယ်။ ပြည်သူ ၂ ဦးတော့ ထိခိုက်သွားတာပေါ့။ ဒဏ်ရာတွေကတော့ မစိုးရိမ်ရပါဘူး။ လက်ရှိအချိန်တော့ တိုက်ပွဲက ဖြစ်နေတုန်းပဲ ပစ်ခတ်သံတွေ ကြားနေရတယ်” ဟု ဖားကန့်ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။
ဖားကန့်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ အကြား မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသော်လည်း စစ်တပ်က အရပ်သား ပြည်သူများရှိရာ နေရာများကို ဦးတည်ပစ်ခတ်ခြင်းကြောင့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမည်ကို ပြည်သူများ စိုးရိမ်နေကြကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း လုံးခင်းရွာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်က ပြည့်စုံကောင်း ထမင်းဆိုင် နောက်ကျောဝင်းအတွင်း တရုတ်စာသင်ကျောင်း ကလေးအဆောင်ပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ထမင်းစားနေသည့် ကလေးငယ် ၅ ဦးနှင့် လူကြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုထိခိုက် ဒဏ်ရာရရှိသူများထဲမှ ၁၅ နှစ်အရွယ် ကလေး ၁ ဦးကို ဒဏ်ရာပြင်းထန်သောကြောင့် ဆေးကုသမှု ခံယူနေစဉ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။





