28 C
Yangon

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ အမြင့်ဆုံးသို့ ထိုးတက်နေပြီး ရေနံစိမ်းတစ်စည်လျှင် ၉၂ ဒေါ်လာကျော်ရောက်ရှိ

Must read

ရန်ကုန်၊ မတ် ၇

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ၂၀၂၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးသို့ ထိုးတက်ပြီး ရေနံစိမ်းတစ်စည်လျှင် ၉၂ ဒေါ်လာကျော်ရောက်ရှိသွားကြောင်း သိရှိရသည်။

အီရန်နိုင်ငံအပေါ် ဆင်နွှဲနေသော စစ်ပွဲကြောင့် မတ်လ ၆ ရက်နေ့ တွင် ကမ္ဘာ့ရေနံဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်ခဲ့ရာ ၂၀၂၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားကြောင်း၊ အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်မှုများနှင့် အီရန်၏ တုံ့ပြန်ပစ်ခတ်မှုများကြောင့် ပင်လယ်ကွေ့ဒေသတွင်း စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများ ကမောက်ကမ ဖြစ်ကုန်ပြီး၊ အဓိကရေလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားအတွင်း သွားလာမှုများမှာလည်း ရပ်ဆိုင်းလုနီးပါး ဖြစ်နေကြောင်း သိရှိရသည်။

နိုင်ငံတကာစံနှုန်းဖြစ်သော Brent ရေနံစိမ်းဈေးမှာ တစ်စည်လျှင် ၉၂ ဒသမ ၆၉ ဒေါ်လာအထိ ၈ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်ပတ်အတွင်း ဈေးနှုန်းမြင့်တက်မှုမှာ ၃၀ ရာခိုင်နှုန်းနီးပါး ရှိလာခဲ့ကြောင်း၊ အလားတူ အမေရိကန်စံနှုန်းဖြစ်သော West Texas Intermediate (WTI) ရေနံမှာလည်း တစ်စည်လျှင် ၉၀ ဒသမ ၉၀ ဒေါ်လာအထိ ၁၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် “ခြွင်းချက်မရှိ လက်နက်ချခြင်း” မှတစ်ပါး တခြားသော သဘောတူညီချက်များ ပြုလုပ်မည်မဟုတ်ကြောင်း ကြေညာလိုက်ခြင်းက စစ်ပွဲရှည်ကြာမည်ကို စိုးရိမ်စိတ်များ တိုးလာစေကာ ဈေးကွက်အပေါ် ရိုက်ခတ်မှု ပိုမိုပြင်းထန်စေခဲ့ခြင်းဖြစ်သည်။

ကာတာနိုင်ငံ စွမ်းအင်ဝန်ကြီး ဆာဒ်အယ်လ်ကာဘီက စစ်ပွဲသာ ရက်သတ္တပတ်အနည်းငယ် ထပ်မံကြာမြင့်ပါက ပင်လယ်ကွေ့ဒေသ၏ စွမ်းအင်တင်ပို့မှုများ လုံးဝရပ်ဆိုင်းသွားနိုင်ပြီး ကမ္ဘာ့စီးပွားရေးကြီးတစ်ခုလုံး ပြိုလဲနိုင်သည်ဟု သတိပေးသည်။

ကာတာနိုင်ငံသည် ၎င်းတို့၏ သဘာဝဓာတ်ငွေ့ (LNG) ထုတ်လုပ်မှုများကို ရပ်နားထားရသည့်အပြင် အီရတ်နှင့် ကူဝိတ်နိုင်ငံတို့တွင်လည်း ရေနံထုတ်လုပ်မှုများ လျှော့ချနေရကြောင်း သိရှိရသည်။

ဖိလစ်ပိုင်နိုင်ငံကဲ့သို့သော အာဆီယံနိုင်ငံများတွင်လည်း ရေနံဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အစိုးရရုံးများတွင် တစ်ပတ်လျှင် အလုပ်လုပ်ရက် ၄ ရက်သို့ လျှော့ချခြင်းနှင့် စွမ်းအင်ချွေတာရေး အစီအစဉ်များကို ယာယီသတ်မှတ် ကျင့်သုံးလာကြသည်။

စွမ်းအင်ဈေးနှုန်း မြင့်တက်မှုနှင့်အတူ အမေရိကန်၏ အလုပ်အကိုင်ဈေးကွက် အခြေအနေ မကောင်းမွန်မှုတို့ကြောင့် ဝေါစထရိ (Wall Street) နှင့် ဥရောပ ရှယ်ယာဈေးကွက်များမှာလည်း ၁ ရာခိုင်နှုန်းခန့်စီ ဈေးနှုန်းများ ကျဆင်းခဲ့သည်။

စီးပွားရေးပညာရှင်များက စီးပွားရေးနှေးကွေးခြင်းနှင့် ငွေကြေးဖောင်းပွမှု မြင့်မားခြင်းတို့ ပေါင်းဆုံကာ စီးပွားရေးအကျပ်အတည်း (Stagflation) ဆိုက်ရောက်မည်ကို စိုးရိမ်လျက်ရှိကြသည်။

လက်ရှိတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက အရှေ့အလယ်ပိုင်း၌ ဖြစ် ပွားနေသော စစ်မီးကို ငြှိမ်းသတ်ရန်နှင့် ငြိမ်းချမ်းရေးကို အခွင့် အရေး ပေးရန် တိုက်တွန်းထားသော်လည်း စစ်ရေးတင်းမာမှုများမှာမူ လျော့ပါးသွားခြင်း မရှိသေးကြောင်း တွေ့ရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article