30 C
Yangon

ကျောက်ပန်းတောင်း၊ စိုင်ဂေါင်းရွာမှ ဖမ်းဆီးလာသည့် ပြည်သူ အမျိုးသား ၂ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်၊ မြင်းခြံနှင့် ယင်းမာပင် မြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မတ် ၁၀

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ စိုင်ဂေါင်းရွာမှ ဖမ်းဆီးလာသော ပြည်သူ အမျိုးသား ၂ ဦးကို အကြမ်းဖက် စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ ကျောက်ပန်းတောင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က စိုင်ဂေါင်းရွာမှ ပြည်သူ အမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့ပြီး မတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် ခါးပက်ရွာအနီးတွင် အမျိုးသား ၂ ဦးကို စစ်တပ်ကမီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်က သတ်ဖြတ်သွားသော ရုပ်အလောင်းများသည် မီးလောင် ပျက်စီးသွားခြင်းကြောင့် မည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း သိရသည်။

“မတ်လ ၄ ရက်နေ့မှာ စစ်ခွေးစစ်ကြောင်းက စိုင်ဂေါင်းကျေးရွာမှာနေတဲ့ ပြည်သူ အမျိုးသား ၃ ဦးကို ဖမ်းဆီး ခေါ်သွားတာ။ မတ်လ ၆ ရက်နေ့ ညနေပိုင်းမှာ စစ်ခွေးတွေက ခါးပက်ကျေးရွာအနီးမှာ ပြည်သူ ၂ ဦးကို မီးရှို့ သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းကို ပြည်သူတွေက ရှာတွေ့ခဲ့တယ်။ ရုပ်အလောင်းတွေက ပျက်စီးနေတော့ ဘယ်သူဆိုတာ ခွဲဖို့ခက်တယ်။ စစ်ခွေးအလောင်းတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး။ ပြီးတော့ ရုပ်အလောင်းမှာ စစ်ယူနီဖောင်းလည်းမတွေ့ဘူး။ စစ်ဖိနပ်လည်း ဝတ်ထားတာ မတွေ့ရဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ကျောက်ပန်းတောင်းမြို့နယ် အတွင်း မတ်လ ၃ ရက်နေ့မှစတင်ပြီး ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေခြင်းဖြစ်ကာ စိတ္တိန်းတောင်ရွာမှ နေအိမ် ၂၀ လုံး ၊ စိတ္တိန်းမြောက်ရွာမှ နေအိမ် ၄၀ လုံးနှင့် ကူတောရွာမှ နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ မတ်လ ၄ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က ဆိုင်ဂေါင်ရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၅ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် မတ်လ ၆ ရက်နေ့က ကမ်းဖြူရွာကို ဝင်ရောက်စီးနင်းစဉ်ကလည်း ကျေးရွာနေပြည်သူ အဖွားအို ၃ ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ပြီး ရွာထဲရှိ နေအိမ် ၁၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပတ္တာရွာ နှင့် သင်္ဘောတင်ရွာကို ဆက်လက် မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မတ္တာရွာနှင့် သင်္ဘောတင်ရွာကို ဆက်လက် ဝင်ရောက်စီးနင်းနေပြီး နေအိမ်များကို ဆက်တိုက်မီးရှို့နေကြောင်း၊ ကျေးရွာနေပြည်သူများသည်လည်း လက်ရှိချိန်ထိ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ဒီနေ့လည်း စစ်ခွေးတွေက ထပ်ရှို့နေတယ်။ ပတ္တာရွာနဲ့ သင်္ဘောတင်ရွာကို ဝင်ရောက်စီးနင်းပြီး ထပ်ရှို့နေတာ ပတ္တာရွာကတော့ ရွာလုံးကျွတ်နီးပါး ပြာကျသွားပြီး ကျန်တဲ့ ရွာတွေ အခြေအနေတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မတ်လ ၇ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ကျောက်ကုန်းရွာဘက်မှ ဆင်းလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောင်ပြည်စိုးရွာ၊ ရှာတောကုန်းရွာ၊ ပြည်တော်သာရွာနှင့် ရွှေညောင်ပင်ရွာတို့ကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် မတ်လ ၈ ရက်နေ့ နံနက် အစောပိုင်းတွင် ပတ္တာရွာနှင့် ခေါင်းကွဲရွာတို့ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်း ဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က နဘူးတောရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀ လုံးကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူစောထီးရွာမှ မုံရွာဘက်ကို ပြန်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခဲရပြီး စစ်တပ်က နဘူးတောရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ဘန့်ဘွေးပျူစောထီးရွာကနေ မုံရွာဘက်ပြန်လာတဲ့ စစ်ခွေးစစ် ကြောင်းက PDF တွေ မိုင်းဆွဲလို့ စစ်ခွေးတွေ အသေအပျောက်ရှိတယ်။ မိုင်းဆွဲခံရပြီး နောက် ကျန်စစ်ခွေးတွေက နဘူးတောရွာ တောင်ပိုင်းကို မီးရှို့လို့ အိမ်ခြေ ၁၀ လုံးကျော် မီးလောင်ပြာကျသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကနီမြို့နယ်အတွင်း စစ်ကြောင်းထိုးစဉ်ကလည်း နတ်လာပို့တောင်ရွာရှိ ရှင်ပြု အလှူအိမ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ရှင်သာမဏေ ၂ ပါး အပါအဝင် ပရိတ်တရားနာနေသော ပြည်သူ ၅ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article