33 C
Yangon

အကြမ်းဖက် စစ်တပ်၏ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုများကြောင့် တော်လှန်ရေးလမ်းကြောင်း မသွေဖယ်ရန် NUG ဝန်ကြီးချုပ် သတိပေး

Must read

ရန်ကုန်၊ မတ် ၁၀

အကြမ်းဖက်စစ်တပ်က ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးကို အကြောင်းပြကာ ဖိတ်ခေါ်မှုများ ပြုလုပ်လာနိုင်သဖြင့် တော်လှန်ရေးဦးတည်ချက်နှင့် လမ်းကြောင်းမှန်မှ သွေဖယ်မသွားစေရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အလေးအနက် သတိပေးပြောဆိုသည်။

မတ်လ ၉ ရက်နေ့ ကျင်းပပြုလုပ်သည့် ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်၏ ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် NUG ဝန်ကြီးချုပ်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စုသည် အာဏာသိမ်းပြီး ငါးနှစ်တာကာလအတွင်း လက်နက်ဖြင့် စိုးမိုးထားသော်လည်း နိုင်ငံတကာနှင့် ပြည်သူ့ထံမှ တရားဝင်မှု (Legitimacy) လုံးဝမရရှိခဲ့ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ထိုတရားဝင်မှုကို ရယူရန်အတွက် စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစ၍ အပိုင်းလိုက်ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲကို အသုံးချကာ အာဆီယံနှင့် ကမ္ဘာ့နိုင်ငံများကို လိမ်လည်ရန် ကြိုးပမ်းနေကြောင်း ၎င်းက ထောက်ပြသည်။

“သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တွေအတိုင်း ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေး စတဲ့ လမ်းကြောင်းတွေကို အကြောင်းပြကာ ဖိတ်ခေါ်မှုတွေ လုပ်ဆောင်လာနိုင်တာကြောင့် တော်လှန်ရေးရဲ့ ဦးတည်ချက်နဲ့ လမ်းကြောင်းမှန်ကနေ သွေဖယ်မသွားဖို့ တော်လှန်ရေးအင်အားစုတွေရဲ့ စုစည်းညီညွတ်မှုကို ပြသရမယ့် အချိန်ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း တော်လှန်ရေး ဦးဆောင်အဖွဲ့များအကြား နိုင်ငံရေးအရ ကျေလည်မှုရှိစေရေးအတွက် အချိန်ပေး တွေ့ဆုံဆွေးနွေးမှုကို ဆက်တိုက် လုပ်ဆောင် နေပြီး အားကောင်းတဲ့ စုဖွဲ့မှုကနေတဆင့် အာဏာရှင် စနစ် အမြစ်ပြတ် ဖယ် ရှားနိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါက်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

အကြမ်းဖက်စစ်အုပ်စုက ပြည်သူလူထု ထောက်ခံခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဥပဒေမဲ့ ဖျက်သိမ်းခဲ့သော်လည်း ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အာဏာကို ခိုင်ခိုင်မာမာ ကိုင်စွဲထားရန် လိုအပ်ကြောင်း၊ စစ်အုပ်စုကျင်းပသည့် ရွေးကောက်ပွဲမှာ နိုင်ငံရေးထွက်ပေါက်ရှာသည့် အနှစ်မဲ့အခင်းအကျင်းသာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပက အသိအမှတ်ပြုမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

မတ်လ ၂ ရက်နေ့ တပေါင်းလပြည့်နေ့တွင် စစ်ကောင်စီက အကျဉ်းသားအချို့ လွှတ်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ ဝန်ကြီးချုပ်က ပြောကြားရာတွင် လွတ်မြောက်လာသူများအတွက် ဝမ်းမြောက်သော်လည်း ၎င်းတို့မှာ နဂိုကတည်းက မတရားဖမ်းဆီးခံထားရသူများသာဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်လာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

NUG ဝန်ကြီးချုပ်က ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြုကြောင်းနှင့် အာဏာရှင်စနစ် အမြစ်ပြတ်ဖယ်ရှားနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေးအရ ကျေလည်မှုရှိစေရန် ဆက်တိုက်တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article