28 C
Yangon

Kaung For You ကျောင်းတည်ထောင်သူ ဆရာဦးကောင်းသိုက်စိုး အပါအဝင် CDM ဆရာ ၃ ဦးကို မတရား ဖမ်းဆီးရာတွင် စစ်တပ်က သိက္ခာကျစေရန် မဟုတ်မမှန်လုပ်ကြံ၊ ပေါက်ကြားမှုနှင့် ခြိမ်းခြောက်နေမှုများကို တုံ့ပြန် အရေးယူနိုင်ရေး Hotline Channel ဖွင့်လှစ်မည်ဟု NUG ကြေညာ

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

Kaung For You ကျောင်းတည်ထောင်သူ ဆရာဦးကောင်းသိုက်စိုး အပါအဝင် CDM ဆရာ ၃ ဦးကို ဖမ်းဆီးရာတွင် စစ်တပ်က လုပ်ရိုးလုပ်စဉ်အတိုင်း သိက္ခာ ကျစေရန် မဟုတ်မမှန်လုပ်ကြံထားပြီး အဆိုပါကျောင်းမှ အချက် အလက်ပေါက် ကြားမှုနှင့် ခြိမ်းခြောက်နေမှုများကို ကူညီမှုများလုပ်ဆောင်ရန်Hotline Channel ဖွင့်လှစ်မည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊NUG ပညာရေးဝန်ကြီးဌာနက ကြေညာသည်။

၂၀၂၂ ဇွန်လ အတွင်းမှစ၍ ဖြစ်ပေါ်နေသော ပုဂ္ဂလိက Online ပညာသင်ကျောင်းတစ်ခု ဖြစ်သည့် Kaung For You ကျောင်းတွင် ကျောင်းအပ်နှံရန် တောင်းခံထားသော ကျောင်းသား၊ ကျောင်းသူ များနှင့် သင်ကြားပေးနေသော ဆရာ၊ ဆရာမများ၊ သင်ကြားရန် လျှောက်ထားသော ဆရာ၊ ဆရာမများ၏ အချက်အလက်များ ပေါက်ကြားခဲ့သည်ဟု သိခဲ့ရကြောင်း၊ ပညာရေးဝန်ကြီး ဌာနသည် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများ၏ လုံခြုံရေးတို့ကို ဦးစားပေး၍ ဇွန်လ (၂၂) ရက်နေ့တွင် Kaung for You ကျောင်း မှ တာဝန်ရှိသူများ အား စတင်ခေါ်ယူကာ ဆွေးနွေးမေးမြန်းခဲ့ကြောင်း၊ ထိုဖြစ်စဥ်သည် ဆွေးနွေးရန် မလုံလောက်ဘဲ စစ်ဆေးရမည်ဟု ယူဆသောကြောင့် ဝန်ကြီးဌာနအတွင်း “စုံစမ်းစစ်ဆေးရေးနှင့် အကြံပေးရေး ကော်မတီ” တစ်ရပ်ဖွဲ့စည်းကာ စုံစမ်းမှုများစတင်ပြုလုပ်၍ စစ်ဆေးရန် ပြင်ဆင်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်နေစဥ် ဇူလိုင်လ (၁၃) ရက် နံနက်တွင် Kaung For You ကျောင်းတည်ထောင်သူ ဆရာဦးကောင်းသိုက်စိုး အဖမ်းခံရသည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ပြီး ထို သတင်း ထွက်ပေါ်ခဲ့ပြီးနောက်တွင် အကြမ်းဖက်စစ်အုပ်စုမှ သတင်းများအား နောက်ယောင်ခံ၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖမ်းဆီးမှုများ ကျူးလွန်နေကြောင်း NUG က ပြောဆိုသည်။

ဇူလိုင်လ ၁၆ ရက်နေ့ ညအချိန်တွင် စစ်ကောင်စီသတင်းဌာနမှ ဆရာဦးကောင်းသိုက်စိုး အပါ အဝင် CDM ဆရာ (၃) ဦးကို မတရားဖမ်းဆီးသည့်အပြင် ဆရာ့ပုံရိပ်သိက္ခာများ ကျဆင်းစေရန် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး၍ ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ၎င်းကဲ့သို့ ယုံကြည်ဖွယ်ရာ မရှိသော လုပ်ကြံဖန်တီးထုတ်ပြန်ခဲ့သည့် သတင်းမှားများသည် စစ်ကောင်စီ၏လုပ်ရိုးလုပ်စဉ် များသာ ဖြစ်ကြောင်း NUG က ဆိုသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများအား မတရားဖမ်းဆီးခြင်းသည် ပညာသင်ယူခွင့်ဆုံးရှုံးနေသော ကလေးသူငယ်များ စဉ်ဆက်မပြတ် ပညာသင်ယူခွင့်ရရှိစေရန်အတွက် ကြားကာလပညာရေး ဖော်ဆောင်နေသော ကျောင်းများကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာချက်စာတမ်း အပိုဒ် (၂၆)၊ ကမ္ဘာ့ကလေး သူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် (၃၊ ၂၈)နှင့် ပြည်တွင်းဥပဒေဖြစ်သည့် ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက် များကို စစ်တပ်က ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်း ဖြစ်ကြောင်း ထောက်ပြထားသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ Kaung For You ကျောင်း အချက်အလက်ပေါက်ကြားမှုကြောင့် ဖြစ်ပေါ်လာသော ကျောင်းအပ်နှံထားသော ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး၊ အဖမ်းခံရသော ဆရာ၊ ဆရာမများနှင့်ပါတ်သက်၍ တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ခြိမ်းခြောက်ငွေညှစ် တောင်းခံခြင်း ခံခဲ့ရသော ပြည်သူများ အနေဖြင့် တိုင်ကြားနိုင်ရန်နှင့် အရေးယူဆောင်ရွက်နိုင်ရန် (Complaint Mechanism) hotline channel များကိုလည်း ပြန်လည်အသိပေးသွားမည်ဖြစ်သည်ဟု NUG က ဆိုသည်။

ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု အစီအစဉ်များ ကိုလည်း (Counseling Service) လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ Kaung For You ကျောင်း၏ အချက်အလက်ပေါက်ကြားမှုကို အခွင့်ကောင်းယူကာ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများအား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ငွေလိမ်လည်ခြင်းများ ပြုလုပ်နေမှုများအား အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာနများအနေဖြင့် စုံစမ်းဖော်ထုတ်ကာ တရားမျှတမှုရရှိစေရေး ဆောင်ရွက်သွားမည်ဟု ဆက်လက်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article