ရန်ကုန်၊ မတ် ၁၁
မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် မိသားစုများသည် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် “မဖြစ်နိုင်သော ရွေးချယ်မှုများ” (Impossible Choices) ကို ပြုလုပ်ရန် မကြာခဏ တွန်းအားပေးခံနေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က သတင်းထုတ်ပြန်သည်။
ထိုသို့ရှင်သန်နိုင်ရန်အတွက် ထမင်းနပ်ကျော်ခြင်း၊ အန္တရာယ်ရှိသော ခရီးများကို သွားလာခြင်းနှင့် ကြီးမားသော ဘေးအန္တရာယ်များကြား မိသားစုများ ဆက်လက်ရပ်တည်နိုင်ရန်အတွက် အမျိုးသမီးမျာမှာ မိမိတို့၏ လိုအပ်ချက်နှင့် အဆင်ပြေမှုထက် မိသားစု၏ လိုအပ်ချက်ကို ဦးစားပေးကာ ခက်ခဲသော ရွေးချယ်မှုများကို ပြုလုပ်ရန် ဖိအားပေးခံရသူများ ဖြစ်လာကြကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရှိ မခင်နှင့် ဒေါ်အိကဲ့သို့သော အမျိုးသမီးများသည် “မိသားစုများ အဆင်ပြေပြေ ရပ်တည်နိုင်ရန်အတွက် ၎င်းတို့၏ ကျန်းမာရေးနှင့် သက်တောင့်သက်သာနေထိုင်မှုအတွက် မရှိမဖြစ်လိုအပ်သော အခြေခံပစ္စည်းများကို လျှော့ချကာ ပထမဆုံး ကိုယ်တိုင်စွန့်လွှတ် အနစ်နာခံကြရသူများ” ဖြစ်လာသည်ဟုဆိုသည်။
OCHA က စီမံခန့်ခွဲသည့် မြန်မာနိုင်ငံ လူသားချင်းစာနာမှု ရန်ပုံငွေ (MHF) ၏ ပံ့ပိုးမှုဖြင့် ဒေသခံမိတ်ဖက်အဖွဲ့အစည်းတစ်ခုက ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ပဋိပက္ခသင့် လူထုကြားမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များထံသို့ လစဉ်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများနှင့် လက်နှိပ်ဓာတ်မီးများကဲ့သို့သော အသုံးအဆောင်များပါဝင်သည့် “ဂုဏ်သိက္ခာဆိုင်ရာ အထောက်အကူပြုပစ္စည်းများ” (Dignity Kits) ကို စနစ်တကျ ပြင်ဆင်၍ ခွဲဝေလှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ကယားပြည်နယ်မှ အသက် ၄၃ နှစ်အရွယ် တစ်ဦးတည်းသော မိခင် မခင်က “ဒီဂုဏ်သိက္ခာဆိုင်ရာ အထုပ် (Dignity Kit) က ကျွန်မနဲ့ ကျွန်မသမီးလေးအတွက် အရာရာကို အများကြီး ပိုလွယ်ကူသွားစေပါတယ်။ ပါဝင်တဲ့ ပစ္စည်းတိုင်းက ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ အသုံးဝင်ပါတယ်” ဟု ပြောကြားသည်။
ထို့အတူ ရှမ်းပြည်မြောက်ပိုင်းမှ ကလေးနှစ်ဦးမိခင် အသက် ၃၅ နှစ်အရွယ် ဒေါ်အိကလည်း “လက်လှည့်ဓာတ်မီး (Hand-crank flashlight) က ညဘက်ဆိုရင် ကျွန်မနဲ့ ကျွန်မသမီးလေးအတွက် တကယ့်ကို ကောင်းချီးတစ်ခုပါပဲ။ ဒါက ကျွန်မတို့ကို ပိုပြီးတော့ ဘေးကင်းလုံခြုံတယ်လို့ ခံစားရစေပါတယ်” ဟု ဆိုပါသည်။
ယင်းကဲ့သို့ အထူးစီစဉ်ထားသည့် ပံ့ပိုးမှုများက မိခင်များအနေဖြင့် နေရပ်စွန့်ခွာရသည့် ခက်ခဲသော အတွေ့အကြုံများကြားတွင် ၎င်းတို့၏ ဘေးကင်းလုံခြုံမှုနှင့် ဂုဏ်သိက္ခာကို ကာကွယ်နိုင်ရန် စွမ်းဆောင်ပေးကြောင်း၊ ငွေကြေးအကန့်အသတ်ရှိသော မိသားစုများအတွက် MHF ၏ ထောက်ပံ့မှုသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် ဂုဏ်သိက္ခာကို အနစ်နာခံစရာမလိုဘဲ ရရှိသောဝင်ငွေကို အစားအစာ၊ ကျောင်းလခနှင့် အခြားအရေးကြီးလိုအပ်ချက်များတွင် အသုံးပြုနိုင်ရန် အခွင့်အလမ်းပေးသည်ဟု ဆိုသည်။
အဆိုပါအထောက်အကူပြုပစ္စည်းများက ရုပ်ဝတ္ထုပစ္စည်းထက် ပိုမိုကြောင်း MHF မိတ်ဖက်အဖွဲ့အစည်းမှ ဝန်ထမ်းတစ်ဦးက “ဒီပစ္စည်းတွေက အမျိုးသမီးတွေကို သူတို့ရဲ့ လိုအပ်ချက်တွေကို အသိအမှတ်ပြုထားတယ်ဆိုတာနဲ့ သူတို့ဟာ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို ပြသနေတာဖြစ်ပါတယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများသည် မခင်ကဲ့သို့သော အရေးပေါ်အကူအညီ လိုအပ်နေသူများထံသို့ ရောက်ရှိနိုင်ရန် ဆက်လက်ကြိုးပမ်းနေပြီး၊ MHF အနေဖြင့်လည်း ထိခိုက်လွယ်သည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျကျန်မနေစေရန် အစဉ်တစိုက် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။




