ရန်ကုန်၊ မတ် ၁၃
စစ်ကိုင်းတိုင်း၊ ပေါက်မြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် ရိက္ခာယာဉ်တန်းနှင့် စစ်ကြောင်းသည် ကျေးရွာများကို ဆက်တိုက် ဝင်ရောက်စီးနင်းနေပြီး စက်တပ်လေထီးများကလည်း ရွာများကို ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၉ ရက်နေ့တွင် ပခုက္ကူ တပ်မ ၁၀၁ မှ စတင်ထွက်ခွာလာသော ကား အစီးရေ ၁၅၀ ကျော်ပါ အကြမ်းဖက် စစ်တပ် ရိက္ခာယာဥ်တန်းသည် ပုဂံ-ညောင်ဦး-ချောက်လမ်းပိုင်းမှ တဆင့် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ စက်ရုံရောက်ရှိလာကြောင်း၊ မတ်လ ၁၀ ရက်နေ့တွင် ယာဉ်တန်းသည် ပေါက်မြို့ နယ်သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းသည် ပုသိမ်-မုံရွာ လမ်းပိုင်းတွင်ရောက်ရှိပြီး ယာဉ်တန်းနှင့် အတူလိုက်ပါလာသော စစ်ကြောင်းကလည်း လမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများကို ဆက်တိုက်ဝင်ရောက်စီးနင်းကာ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူနေကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်ဖက် စစ်တပ်၏ ကပစ ၂၂ မှ တက်လာသော စက်တပ်လေထီးများကလည်း ကျေးရွာများကို နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးမှုရှိသော်လည်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း၊ ထိုစစ်ကြောင်းသည် ကပစ ၂၄ သို့ ဦးတည်နေသော်လည်း မည်သည့်နေရာကို ဆက်လက် ထွက်ခွာမည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
“စစ်ခွေး ရိက္ခာယာဉ်တန်းက ပုသိမ်-မုံရွာ လမ်းတစ်ဝက်မှာပဲရှိသေးတယ်။ ပေါက်-ဆိပ်ဖြူ လမ်းဆုံတောင် မရောက်သေးဘူး။ သူတို့ ဦးတည်နေတာတော့ ကပစ ၂၄ ကိုဦးတည်နေတယ်။ ဘယ်ကိုသွားမလဲဆိုတာတော့ ဆက်လက် စောင့်ကြည့်နေပါတယ်။ သူတို့က ယာဉ်တန်းထွက်ပြီးဆိုရင် မြေပြင်စစ်ကြောင်းကလည်း ကျေးရွာတွေကို ဝင်ရောက်စီးနင်းတာတွေလည်းရှိတယ်။ ပြည်သူတွေလည်း ဆက်လက် တိမ်းရှောင်နေရတုန်းပဲ။ နောက်ပြီး စက်တပ်လေထီးတွေကလည်း ဆက်တိုက်ကို လေကြောင်း တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်” ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ပြောဆိုသည်။
အဆိုပါ ကားအစီးရေ ၁၅၀ ကျော်ပါသော ယာဉ်တန်းသည် ပုသိမ်-မုံရွာ လမ်းပိုင်း တစ်လျှောက်ရှိ ပေါက်မြို့နယ်တောင်ပိုင်းကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်နေ၍ လက်ရှိချိန်တွင် ဆိပ်ဖြူ-ပေါက် လမ်းဘေးနှင့် ပုသိမ်-မုံရွာ လမ်းဘေးတစ်လျှောက်ရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ ဆက်လက် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် လက်ရှိချိန်တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေး တင်းမာနေသောကြောင့် ပြည်သူများ သတိပြုသွားလာကြရန်နှင့် လေကြောင်း အန္တရာယ် သတိပြုနေထိုင်ကြရန် ဒေသတွင်းတော်လှန်ရေး အင်အားစုများက တိုက်တွန်း နှိုးဆော်ထားသည်။




