25 C
Yangon

ရွှေကျင်၊ ကျောက်ကြီးနှင့် ပုလဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု နေအိမ်များထိခိုက်ပျက်စီးပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ မတ် ၁၃

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

မတ်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၂ မိနစ်ခန့်တွင် ရွှေကျင်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခမရ -၂၀ တပ်ရင်းက အင်ကုန်းကျေးရွာအတွင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လေပိန်၀ဲကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ် ၁ လုံးထိမှန်ပျက်စီးခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ရေတွင်းကုန်းကျေးရွာ အတွင်းကို လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေအိမ် ၆ လုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ကျောက်ကြီးနဲ့ ရွှေကျင်ထဲက ရွာတွေကို ဗုံးကျဲတိုက်ခိုက်တာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေက နေ့တိုင်းနီးပါးကို လုပ်ဆောင်နေတာ ပြည်သူတွေ ထိခိုက်သေဆုံးတာတွေလည်းရှိတယ်။ ရွာထဲမှာ မနေရဲကျလို့ တိမ်းရှောင်နေကြရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ရွှေကျင်မြို့နယ်တွင် မတ်လ ၁၁ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀ တပ်ရင်းက တက်လာသော စက်တပ်လေထီးက အင်းဗလာကျေးရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၄၃ နှစ်အရွယ် မေသွယ်လင်း၊ အသက် ၆ နှစ်အရွယ် ဂေလယ်ဒါး ၊ အသပ် ၂၈ နှစ်အရွယ် ဂျာရီး၊ အသက် ၄၀ နှစ်အရွယ် ဒေါ်မကူ၊ အသက် ၆ နှစ်အရွယ် မနိုစင်လင်း နှင့် အသက် ၄၅ နှစ်အရွယ် ဒေါ်မူကီကီ တို့ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၉ နှစ် အရွယ် နိုဘယ်လင်း၊ အသက် ၃၈ နှစ်အရွယ် ထွန်းဇော်ဦး၊ အသက် ၅၀ နှစ်အရွယ် နန်းဋ္ဌေးအောင်နှင့် အသက် ၅၀ နှစ်အရွယ် တီးဒါးဖိုး တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က မတ်လ ၅ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်ခန့်တွင် တပ်မ ၇၇ ဦးဆောင်သော အင်အား ၁၀၀ ပါ စစ်ကြောင်း ၄ ကြောင်းက ကာမီကာဇေ ၊ လက်နက်ကြီး၊ ဒရုန်း နှင့်လေယာဉ်များအသုံးပြုကာ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်းနှင့်ကျောင်းကုန်း ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ ၃၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးကာ ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦး နှင့် သက်ကြီးရွယ်အိုးများအပါအဝင် အပြစ်မဲ့ပြည်သူ ၄၀ ဦး ကျော်ကို ညှင်းပန်းနှိပ်စက်ခြင်း သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က Gyrocopter ဖြင့် ကျေးရွာများကို လိုက်လံဗုံးကျဲနေ၍ ပြည်သူများ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ မုံရွာမြို့ အခြေစိုက် နမခ မှ တက်လာသော Gyrocopter ၃ စီးသည် ပုလဲမြို့နယ် အနောက်မြောက်ခြမ်းရှိ ကျေးရွာများကို လိုက်လံ ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ဒီနေ့ နံနက်ပိုင်းမှာ နမခ ကနေ တက်လာတဲ့ စစ်ခွေး Gyrocopter ၃ စီးက ပုလဲမြို့နယ် အနောက်မြောက်ခြမ်းက ရွာတွေကို လေကြောင်း တိုက်ခိုက်နေလို့ ပြည်သူတွေ တိမ်းရှောင်နေရတယ်။ ပြည်သူတွေ ထိခိုက်မှုတော့ မရှိဘူးလို့တော့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article