ရန်ကုန်၊ မတ် ၁၃
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမကြီးကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းမှ ရဲတပ်ကြပ် ၁ ဦး နှင့် ရဲတပ်သား ၁ ဦး သေနတ် ၂ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း PDF – Tatkon “Battalion 803” မှ တပ်ရင်းမှူး ရဲဘော်ရာမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ရေတာရှည်မြိုနယ်၊ ဆွာမကြီးကျေးရွာတွင် စခန်းချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းမှ ရဲတပ်ကြပ် ထက်မိုးဟိန်း နှင့် ရဲတပ်သား ကျော်စွာတို့သည် သေနတ် ၂ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး နေပြည်တော် တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် ၈၀၃ ထံသို့ ဆက်သွယ်ချိတ်ဆက်၍ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အလင်းဝင်ရောက်လာသော ရဲတပ်ကြပ် ထက်မိုးဟိန်း နှင့် ရဲတပ်သား ကျော်စွာတို့သည် ၎င်းတို့ ကိုင်ဆောင်သော G3 အမျိုးအစား သေနတ် ၂ လက် ၊ ကျည်ဘောက် ၈ ဘောက်၊ ကျည် ၁၀၀ တောင့်နှင့် ကျည်ကာ ဝတ်စုံ ၂ ခု တို့ကိုလည်း ယူဆောင်လာခဲ့ကြောင်းသိရှိရသည်။
“အလင်းဝင်ရောက်လာတဲ့သူက ဖုန်းနဲ့ပဲ ချိတ်ဆက်ပြီး ဝင်ရောက်လာတာပါ။ အလင်းဝင်ရောက် လာတဲ့သူကို ဂုဏ်ပြုချီးမြင့်တာ မျိုးတော့ မလုပ်ပေးလိုက်ပါဘူး။ တပ်ရင်းအနေနဲ့ အလင်းဝင်ရောက်လာတဲ့ သူတွေကို ဘယ်လို ပုံစံမျိုး ဖြစ်ချင်လဲ ဘယ်ကိုသွားချင်လဲ ဆိုတာတွေ သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြစ် အောင်လုပ်ပေးလိုက်ပါတယ်။ အကြမ်းဖက် စစ်တပ်လက်အောက်မှာ ရှိနေသူတွေ အနေနဲ့ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးခိုလှုံလာဖို့အတွက် တိုက်တွန်းလိုပါတယ်”ဟု PDF – Tatkon “Battalion 803” မှ တပ်ရင်းမှူး ရဲဘော်ရာမွန်က ပြောဆိုသည်။
အလင်းဝင်ရောက်လာသော ရဲတပ်သား၂ ဦး ယူဆောင်လာသည့် လက်နက်ခဲယများကို တပ်ရင်း(၈၀၃) မှတဆင့် နေပြည်တော်တိုင်းစစ်ဌာနသို့ စနစ်တကျ အပ်နှံခဲ့ကြောင်း၊ နေပြည်တော်တိုင်းစစ်ဌာန မှ အဆိုပါ ရဲတပ်သား ၂ ဦးကို ပြည်သူ့ရင်ခွင်နှင့် ချိတ်ဆက်ပေးပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ကာ ပြည်ပတွင် အလုပ်အကိုင်ရရှိ နေနိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ အလင်းဝင်ရောက်လိုသော စစ်တပ်မှ စစ်သား၊ ရဲများအနေဖြင့် ပြည်သူ့ရင်ခွင်သို့ အလင်းဝင် ရောက်လိုပါလျှင် တပ်ရင်းအမှတ် (၈၀၃) နှင့် ဆက်သွယ်ချိတ်ဆက်နိုင်ပါကြောင်း PDF – Tatkon “Battalion 803” အဖွဲ့မှ အသိပေး ပြောဆိုထားသည်။






