26 C
Yangon

မိုးကုတ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ အထက်မင်းလှတွင်လည်း စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများထိခိုက်မှုရှိ

Must read

ရန်ကုန်၊ မတ် ၁၃

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် မိုးကုတ်မြို့ အနောက်ပိုင်း ဘော်ဗဒါန်းရွာဘက်မှ ကျောက်ဆင်ရွာဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရာ နေရာကို မတ်လ ၁၂ ရက်နေ့တွင် မိုးကုတ်မြို့ဘက်မှ ထွက်လာသော စစ်ကား ၂ စီးသည် ဘော်ဗဒါန်းရွာဘက် စစ်ကူရောက်ရှိလာပြီးနောက် စစ်ကြောင်းထပ်ထိုးလာ၍ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းသည် ရှေ့ဆက်တိုးနိုင်ခြင်းမရှိဘဲ ဘော်ဗဒါန်းရွာဘက်တွင်သာ ရပ်တန့်နေပြီး မိုးကုတ်မြို့ပေါ်ကိုလည်း စစ်ကားများဖြင့် စစ်သားအလောင်းများနှင့် ဒဏ်ရာရ စစ်သားများကို ဆက်တိုက်ပို့ဆောင်နေကြောင်း သိရသည်။

“မိုးကုတ် အနောက်ပိုင်းကတော့ တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေက နေ့တိုင်းကို ကြားနေရတာ နောက်ပြီး ဒဏ်ရာရစစ်ခွေးတွေကိုလည်း မြို့ပေါ်ကို စစ်ကားတွေနဲ့ ဆက်တိုက်ပို့နေတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင်လည်း စစ်တပ် စစ်ကြောင်းကို စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ်ခန့်တွင် အထက်မင်းလှမြို့နယ် ရေနံမရဲစခန်းဘက်မှ ဒီးဒုတိကန်ကျေးရွာဘက်သို့ မောင်းလာသော ကား ၂ စီး ၊ ဆိုင်ကယ် ၃ စီး နှင့် အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို ပြည်စိုးကျေးရွာ လမ်းပေါက်အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုသည် မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားရာ အနီး၀န်းကျင်ရှိ ‌ရွာသာလှနှင့် ခလိုင်း ကျေးရွာများသို့ စစ်ကြောင်းထိုး မွှေနှောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူခြင်း ၊ ဒရုန်ဗုံးများ ၊ ရှော့တိုက်ဒုံးများ ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ခလိုင်းရွာတွင် တစ်ညအိပ်ကာ မတ်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် ရေနံမဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ စစ်ခွေးဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ ကျွန်တော် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ပြောဆိုသည်။

အထက်မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မတ်လ ၈ ရက်နေ့မှ စတင်ပြီး နွားလဲ ၊ကျောက်ပုံ ၊ နဂါးအိုင် ၊အိုးဘိုကုန်း ၊ရေပေါ် ၊ဓာတ်ကုန်း ကျေးရွာများကို ပိုက်စိတ်တိုက်ပြီး မွှေနှောက် စစ်ကြောင်းထိုးလျှက်ရှိပါ ယင်းစစ်ကြောင်းတွင် ကပစ ၂ ၊ ကပစ ၁၀၊ ကံတုပ်အထိုင်စခန်းနှင့် ရေနံမရဲစခန်းမှ စစ်သားများ ပါဝင်ပြီး အင်အား ၂၀၀ နီးပါးရှိသော ပူးပေါင်းစစ်ကြောင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် ကျေးရွာ တစ်ရွာလျှင် အင်အား ၄၀ ၀န်းကျင်ဆီ တပ်ဖြန့်ကာ နွားလဲ ၊ကျောက်ပုံ ၊ နဂါးအိုင် ၊အိုးဘိုကုန်း ၊ရေပေါ် ၊ဓာတ်ကုန်း ကျေးရွာများ၌ တပ်စွဲခဲ့ပြီး လက်ရှိချိန်တွင် ရေနံမ ကျေးရွာဘက်သို့ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article