ရန်ကုန်၊ မတ် ၁၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်ဒေသအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲများဖြစ်ပွားမှုမှာ TNLA က စတင်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ကြောင့် MNDAA က ယနေ့ ကြေညာသည်။
MNDAA ၏ ထုတ်ပြန်ချက်အရ ပဋိပက္ခ၏ အစမှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုနေ့တွင် တအာင်းအဖွဲ့အစည်း (PSLF/TNLA) က MNDAA ၏ ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးဌာနအဆင့်ဆင့်ကို အကြမ်းဖက်ဝင်ရောက်စီးနင်းခြင်း၊ သေနတ်ဖောက်၍ ခြိမ်းခြောက်ခြင်းနှင့် တပ်ဖွဲ့ဝင်များကို ရိုက်နှက်မောင်းထုတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းဖြစ်စဉ်ကြောင့် MNDAA ဘက်မှ အုပ်ချုပ်ရေးဝန်ထမ်းနှင့် တပ်ဖွဲ့ဝင်အမြောက်အများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပစ္စည်းဥစ္စာများစွာ ဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါ ဖေဖော်ဝါရီလ ၁၃ ရက် အရေးအခင်းဖြစ်ပွားပြီးနောက် MNDAA အနေဖြင့် ပြဿနာများကို ညှိနှိုင်းတိုင်ပင်ရန် TNLA ထံသို့ ရှေ့ဆင့်နောက်ဆင့် (၅) ကြိမ်တိုင်တိုင် အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်း သိရှိရသည်။
သို့သော် TNLA အနေဖြင့် ဆွေးနွေးလိုသော ဆန္ဒလုံးဝမရှိဘဲ မျက်ကွယ်ပြုခဲ့ကြောင်း၊ MNDAA အနေဖြင့် ပြဿနာကြီးထွားမှုကို ကာကွယ်ရန် တပ်ဖွဲ့ဝင်များကို ထိန်းထိန်းသိမ်းသိမ်းနေထိုင်ရန် ညွှန်ကြားခဲ့သော်လည်း TNLA ၏ လုပ်ဆောင်ချက်မှာ ပိုမိုပြင်းထန်လာခဲ့ကြောင်း MNDAA က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် TNLA သည် သိန္နီခရိုင်အတွင်းသို့ တပ်ဖွဲ့များစေလွှတ်ကာ MNDAA ထိန်းချုပ်နယ်မြေများကို လုယူသိမ်းပိုက်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ထို့အပြင် TNLA သည် ကွတ်ခိုင်ဒေသတွင် တပ်သားသစ်များ အတင်းအဓမ္မစုဆောင်းခြင်းနှင့် တိုင်းရင်းသားအချင်းချင်းကြား အမြင်လွဲမှားစေရန် လှုံ့ဆော်ခြင်းများပြုလုပ်ကာ လူမျိုးရေးပဋိပက္ခများ ပေါ်ပေါက်လာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း MNDAA က ပြောဆိုသည်။
ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၉ နာရီခွဲခန့်တွင် ကွတ်ခိုင်၌ ပုံမှန်ကင်းလှည့်နေသော MNDAA တပ်ဖွဲ့ဝင်များကို TNLA ဘက်မှ ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် MNDAA က မတတ်သာဘဲ တုံ့ပြန်ခုခံခဲ့ရကြောင်း ၊ ထိုတိုက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြဿနာအားလုံးကို TNLA ကသာ အပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း MNDAA က သတိပေးထားသည်။
MNDAA အနေဖြင့် မိမိတို့ ခဲခဲရင်းရင်း ကြိုးပမ်းဖော်ဆောင်ထားသော နိုင်ငံရေးအခြေအနေနှင့် ညီနောင်မဟာမိတ် ချစ်ကြည် ရေးကို အလွန်အလေးထားကြောင်း၊ သို့သော် အကြမ်းဖက်တိုက်ခိုက်ခံရခြင်း၊ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပြုလုပ်ခံရခြင်းနှင့် လူမှုဘဝလုံခြုံရေးကို ခြိမ်းခြောက်ခံရခြင်းများ ရှိလာပါက မိမိတို့ကိုယ်ကို အစွမ်းကုန်ကာကွယ်သွားမည်ဖြစ်ကြောင်း MNDAA က ကြေညာထားသည်။
TNLA ဘက်ကမူ MNDAA ၏ ကြေညာချက်ကို တုံ့ပြန်ခြင်း၊ ယနေ့ ဖြစ်ပွားသော တိုက်ပွဲများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ကြေညာချက် ထုတ်ပြန်ခြင်းမရှိသေးပေ။






