26 C
Yangon

ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာတွင် ပြည်သူများကို စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု နိုင်ငံတကာက ထိရောက်စွာ အရေးယူပေးရန် KRC တောင်းဆို

Must read

ရန်ကုန်၊ မတ် ၁၅

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာတွင် ပြည်သူများကို စစ်တပ်က အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုအတွက် နိုင်ငံတကာက ထိရောက်စွာ အရေးယူပေးရန် ကျောက်ကြီးမြို့နယ်၊ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီ – KRCက တောင်းဆိုလိုက်ကြောင်း အဆိုပါကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၅ ရက်နေ့ နံနက် ၆ နာရီခန့်ညောင်လေးပင်မြိုန့ယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု အတွင်းသို့ စစ်တပ်က လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မြေပြင်မှ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာနေပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ချုပ်နှောင်ခြင်း၊ ပြည်သူပိုင် ပစ္စည်း များကို ခိုးယူသယ်ဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ငွေကြေးနှင့်ရွှေထည်ပစ္စည်း များကို လုယက်ခြင်း၊ လူသားဒိုင်းကာသဖွယ်ပြုလုပ်ခြင်းတို့ဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းလမ်းမျိုးစုံဖြင့်ကျူးလွန်ခဲ့သည်။

ထိုသို့အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်ကြောင့် ရေတွင်းကုန်း ကျေးရွာအုပ်စုနေ ကလေးငယ်များ၊ အ မျိုးသမီးများ အပါအဝင် ပြည်သူ ၂၈ ဦး သေဆုံးခဲ့ပြီး ၁၆ ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ယခုအခါ ရေတွင်းကုန်း ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများဖြစ်သော ရေတွင်းကုန်းကျေးရွာ၊ ကျောင်း ကုန်း၊ ဝါချဲ၊ အင်းပရစ်၊ ဒလဆိပ်ရွာတို့မှ လူဦးရေ စုစုပေါင်း ၄,၀၉၇ ဦးခန့် အိုးအိမ်များကို စွန့် ခွာထွက်ပြေး တိမ်းရှောင်နေရသည်။

“ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပြည်သူတချို့လည်းရှိနေသေး တယ်။ သူတို့လိုတဲ့သူတွေကို ဖမ်းထားတာရှိသေးတယ်။ အခုကမြေပြင်မှာကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်း တွေ က တကယ့်ကိုလူမဆန်စွာဖြစ်တဲ့ အပေါ် နိုင်ငံတကာအနေနဲ့ လူသားချင်း စာနာမှု အကူအညီ တွေ ပေးအပ်ဖို့တောင်းဆိုချင်ပါတယ်။ ကျနော်တို့အနေနဲ့ အထူးတလည် ဦးစားပေးပြောနေတာတော့ မ ဟုတ်ဘူး။ တတ်နိုင်တဲ့အဖွဲ့အစည်းတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီ – KRC ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ရေတွင်းကုန်းကျေးရွာအုပ်စုမှ ပြည်သူလူထုများ ရင်ဆိုင်နေရသော စစ်တပ်၏ လူသား မဆန်သည့် လုပ်ရပ်ကို တရားမျှတမှု ရရှိနိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပအရပ်ဖက် အဖွဲ့အစည်းများအနေဖြင့် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ – KRCက တောင်းဆိုသည်။

ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ – KRC အနေဖြင့် စစ်အာဏာရှင်ရှိ နေသ၍ ဒေသအတွင်းရှိ ပြည်သူလူထုများ တရားမျှတမှု ရရှိစေရေးအတွက် ဆက်လက်ပြီး လုပ် ဆောင် သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

“လက်ရှိပြည်သူတွေကိုတော့ ဆန်၊ဆီ၊ဆားတွေ ထောက်ပံ့ပေးနိုင်ဖို့ ပြုလုပ်နေပါတယ်။ လိုအပ်တဲ့ ဆေးဝါးအကူအညီတွေကိုလည်း လူမှုအဖွဲ့အစည်းအသီးသီးကနေ သက်ဆိုင်တဲ့ ကျန်းမာရေးကုသမှု ကိုလည်း လုပ်နေတယ်။ အခုထုတ်ပြန်တဲ့ လူဦးရေအားလုံးကိုတော့ အကူအညီပေးနိုင်တာတော့ မဟုတ်ဘူး။ လူဦးရေကအရမ်းများတဲ့အတွက်ပေါ့၊ ဒါပေမယ့်တတ်နိုင်တဲ့ ဘက်ကနေ ပြည်သူတစ် ရပ်လုံးကို အကူအညီပေးဖို့အစီအစဉ်ရှိပါတယ်။ အသတ်ခံလိုက်ရတဲ့ မိသားစု တွေလည်းရှိနေတယ်၊ တစ်ချို့ကတော့ မိတကွဲ၊ ဖတကွဲရှိနေတဲ့ မိသားစုတွေလည်းရှိနေတယ်။ တော်တော်လေးဒုက္ခ ရောက် နေတဲ့ မိသားစုတွေလည်းရှိနေတယ်။” ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီ – KRC ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article