ရန်ကုန်၊ မတ် ၁၆
၂၀၂၀ ရွေးကောက်ပွဲအရ ရွေးကောက်တင်မြှောက်ထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ-CRPH က ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများ ခေါ်ယူကျင်းပမည်ဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ- NUG က တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။
CRPH က ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းအဝေး ကို ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ လွှတ်တော်အစည်းအဝေးကို CRPH ၊ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ PVTV (Public Voice Television) နှင့် သတင်းမီဒီယာအချို့၏ လူမှုကွန်ယက်စာမျက်နှာများမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ အကြမ်းဖက်စစ်တပ်ကလည်း ၂၀၂၅ ခုနှစ်အတွင်း အပိုင်း ၃ ခုဖြင့် ပြုလုပ်ခဲ့သော ရွေး ကောက်ပွဲတွင် အနိုင်ရရှိထားသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်အစည်းအဝေးများကို ခေါ်ယူထားပြီး ယနေ့မတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပြည်သူ့လွှတ်တော်အစည်း အဝေးကို စတင်ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ ကျင်းပမည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တီခွန်မြတ်က ဦးဆောင်ကျင်းပမည်ဖြစ် ကြောင်း သိရှိရသည်။
ယင်းအပြင် မတ်လ ၁၈ ရက်နေ့တွင် အမျိုးသားလွှတ်တော်အစည်းအဝေးကိုလည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ် တော် အစည်းအဝေးများကို မတ်လ ၂၀ ရက်နေ့တွင် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ စစ်တပ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက ပြည်သူ့လွှတ်တော်အမတ်နေရာ ၂၃၁ နေရာ၊ အမျိုးသားလွှတ်တော်အမတ်နေရာ ၁၀၈ စုစုပေါင်း အမတ်နေရာ ၃၃၉ နေရာ အနိုင်ရရှိထားပြီး ကြံ့ဖွတ်ပါတီတစ်ခုတည်းဖြင့် အစိုးရအဖွဲ့ဖွဲ့စည်းတော့မည်ဖြစ်သည်ဟု သိရှိရသည်။
အခြားတစ်ဖက်တွင်လည်း စစ်တပ်က ပြည်သူ့လွှတ်တော်အမတ် ၁၁၀ ဦးနှင့် အမျိုးသားလွှတ်တော်အမတ် ၅၆ ဦး စုစုပေါင်း ၁၆၆ ဦး ပါဝင်နေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က အလိုအလျောက် ရရှိနေခြင်းဖြစ်သည်။
လက်ရှိ ကြံ့ဖွတ်ပါတီက ဖွဲ့စည်းမည့် အစိုးရအဖွဲ့သစ်အတွက် သမ္မတ တင်မြှောက်ရမည်ဖြစ်ပြီး ကနဦးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဒုတိယသမ္မတ ၁ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ဒုတိယသမ္မတ ၁ ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတ ၁ ဦး စုစုပေါင်း ဒုတိယသမ္မတ ၃ ဦးကို ရွေးချယ်ရမည်ဖြစ် သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်က အစုအဖွဲ့ ၃ ခုက ရွေးချယ်လိုက်သော ဒုတိယသမ္မတ ၃ ဦးအနက်မှ သမ္မတ ၁ ဦးကို ရွေးချယ်ရမည်ဖြစ်သည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ သမ္မတအဖြစ် အရွေးချယ်ခံဖွယ်ရှိနေပြီး ကနဦးတွင် တပ်မတော်သားလွှတ် တော် ကိုယ် စားလှယ်များအစုအဖွဲ့က ရွေးချယ်သော ဒုတိယသမ္မတ အဖြစ် ပြည်ထောင်စု လွှတ်တော်သို့ အမည်စာရင်းတင်သွင်းဖွယ်ရှိကြောင်း စစ်တပ်အတွင်း သတင်းများ ထွက်ပေါ်လျက်ရှိနေသည်။




