28 C
Yangon

ကျောက်ပန်းတောင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုနေအိမ် ၂ လုံးပျက်စီး၊ ရေတာရှည်တွင်လည်း စစ်တပ်က တောမီးရှို့မှုကြောင့် ကျေးရွာများကို မီးကူးစက် လောင်ကျွမ်း

Must read

ရန်ကုန်၊ မတ် ၁၆

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ကျောက်တံခါးရွာနှင့် မြောက်လယ်ယားရွာ လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကျားနေအိုင့်ရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ရွာထဲရှိ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဒီနေ့တော့ ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ မနေ့က နံနက်ပိုင်းမှာတော့ ကျောက်တံခါးရွာနားနဲ့ မြောက်လယ်ယားရွာ သွားတဲ့ ဇရပ်နားမှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားတာတော့ ရှိတယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးတာမှုရှိပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေက ကျားနေအိုင့်ရွာဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ် ၂ လုံးပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မတ်လ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကမ်းဖြူရွာကို ဝင်ရောက်စီးနင်းပြီး အဖွားအို ၃ ဦးကို မီးရှို့သတ်ဖြတ်ကာ နေအိမ် ၁၀၀ ကျော်ကိုလည်း ဖျက်ဆီးခဲ့ကြောင်း၊ မတ်လ ၄ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က စိုင်ဂေါင်းရွာမှ ပြည်သူ အမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့ပြီး မတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် ခါးပက်ရွာအနီးတွင် အမျိုးသား ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင်လည်း အကြမ်းဖက်စစ်တပ်က တောမီးရှို့ခြင်းကြောင့် ကျေးရွာများပါ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ ညပိုင်းတွင် ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ရွာသစ်ကျေးရွာနှင့် အုတ်မြေတူးရွာရှိ အကြမ်းဖက် စစ်သားများက တောမီးရှို့ရာမှ အနီးအနားရှိ ကျေးရွာများကို မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ဇန်နဝါရီလပိုင်းကလည်း စစ်တပ်က တောမီးရှို့ခြင်းကြောင့် ကျေးရွာများ မီးကူးစက် လောင်ကျွမ်းမှုရှိခဲ့ဖူးကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ပိတောက်ကုန်းကျေးရွာနှင့် ကျွန်းကုန်းကျေးရွာမှ နေအိမ် ၁၀ လုံးကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

“ရေတာရှည် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှာရှိတဲ့ စစ်ခွေးတွေက တောမီးရှို့လို့ ရွာတွေထဲကို မီးကူးစက် လောင်ကျွမ်းသွားတာ မနေ့က ရှို့တာက နေအိမ် ၆ လုံး မီးလောင်ပြာကျသွားတယ်။ ပထမ အကြိမ် ရှို့တုန်းကလည်း နေအိမ် ၉ လုံးမီးလောင်ပြာကျသွားတယ်။ စစ်ခွေးတွေ ပြည်သူပိုင်ရွာတွေကို တောမီးကနေတဆင့် မီးလောင်ကျွမ်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်တာ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article