ရန်ကုန်၊ မတ် ၁၇
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဖလံပင်ရွာနှင့် ရှားစေးဖိုရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၅၀ ကျော် မီးလောင်ပြာကျပြီး ပြည်သူ ၃ ဦးကိုလည်း စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၆ ရက်နေ့တွင် နတ်တလင်းမြို့နယ်၊ ဖလံပင်ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ဖလံပင်ရွာနှင့် ရှားစေးဖိုရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၃၀၀ ကျော်ရှိနေသော ဖလံပင်ရွာမှ နေအိမ် ၁၅၀ နီးပါး မီးလောင်ပြာကျကာ ရှားစေးဖိုရွာမှ နေအိမ် ၁၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် လက်ရှိချိန်ထိ ကျေးရွာများအနီး လှည့်ပတ်သွားလာနေဆဲဖြစ်ကြောင်း သိရှိရသည်။
“ဖလံပင်ကျေးရွာမှာ စစ်ခွေးတွေ မီးရှို့လို့ နေအိမ် ၁၅၀ နီးပါးလောက် မီးလောင်ပြာကျသွားတယ်။ ရှားစေးဖိုရွာကတော့ နေအိမ် ၁၅ လုံး မီးလောင်သွားတယ်။ နောက်ပြီး စစ်ခွေးတွေက ဖလံပင်ရွာက ပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖလံပင်ရွာမှ အသက် ၄၈ နှစ်အရွယ် ဦးဌေးအောင်၊ အသက် ၆၅ နှစ်အရွယ် ဦးချစ်ထွန်းနှင့် အသက် ၆၅ နှစ်အရွယ် ဒေါ်ခင်ရီ တို့ဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူ ၅ ဦးမှာ ဖလံပင်ရွာမှ အသက် ၄၀ နှစ်အရွယ် ဒေါ်ကေသီနှင့် ဦးဖိုးကုန်း တို့၏ မိသားစုဝင် ၄ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ရှားစေးဖိုကျေးရွာ၊ ဖလံပင်ကျေးရွာ၊ သရက်ပုဂံရိုးကျေးရွာ၊ ငုတ်တိုကျေးရွာ၊ ညောင်ဝိုင်းကျေးရွာနှင့် ခွေးသေကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။






