ရန်ကုန်၊ မတ် ၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ပူတာအို ကားလမ်းရှိ ဆွမ်ပီယံစစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသော စစ်တပ်က ခရီးသွားလာနေသည့် ပြည်သူများနှင့် ကုန်တင်ယာဉ်မောင်းများထံမှ ငွေကြေးများကို အဆမတန် တောင်းခံ ငွေညှစ်နေကြောင်း ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါဂိတ်ရှိ စစ်သားများသည် ခရီးသွားကားများကို တားဆီးကာ ၎င်းတို့တောင်းခံသည့် ငွေကြေးပမာဏကို မပေးဆောင်နိုင်ပါက ခရီးဆက်ခွင့်မပြုဘဲ ဂိတ်တွင် ညအိပ်ရပ်နားခိုင်းခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်း များဖြင့် ဖိအားပေးနေကြောင်း၊ အထူးသဖြင့် ဆန်အိတ်နှင့် ဘိလပ်မြေအိတ်ကဲ့သို့သော အခြေခံကုန်စည်များကို အရေအတွက်အလိုက် သတ်မှတ်ကာ အတင်းအကျပ် ငွေကောက်ခံနေခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဒေသပြည်သူများ၏ ပြောပြချက်အရ အဆိုပါ စစ်တပ်ဂိတ်တွင် တာဝန်ကျနေသည့် စစ်သားအချို့မှာ အရက်သေစာနှင့် မူးယစ်ဆေးဝါးများ သုံးစွဲထားသည့် အခြေအနေဖြင့် ခရီးသွားများကို ရိုင်းပျစွာ ဆက်ဆံနေလေ့ရှိကြောင်း၊ ခရီးသွားလာမှုအပေါ် မူတည်၍ ကောက်ခံနေသည့် ငွေကြေးနှုန်းထားများမှာ သိသိသာသာ မြင့်မားနေပြီး ဘတ်ဟိုး (Backhoe) ယန္တရားကြီး ၁ညစီးလျှင် ကျပ်သိန်း ၈၀ အထိ ပေးဆောင်မှသာ ဖြတ်သန်းခွင့်ရကြောင်း၊ ယာဉ်ငယ်များနှင့် သုံးဘီးများနှင့် သာမန်ခရီးသွားကားငယ်များ၊ သုံးဘီးဆိုင်ကယ်နှင့် ဆိုင်ကယ်များကိုပါ ချန်လှပ်ထားခြင်းမရှိဘဲ ငွေကြေးကောက်ခံနေကြောင်း သိရှိရသည်။
သို့ရာတွင် စစ်တပ်ထံသို့ ငွေကြေး လာဘ်ထိုးထားပြီးသော ကားများ၊ စစ်ဆေးရေးဂိတ်အတွက် လိုအပ်သော မူးယစ်ဆေးဝါးများ ဝယ်ယူပေးရန် မှာကြားခြင်းခံရသည့် ကားများမှာမူ မည်သည့်စစ်ဆေးမှုမျှမရှိဘဲ တန်းစီစောင့်ဆိုင်းစရာမလိုဘဲ ဖြတ်သန်းခွင့်ရနေသည်ဟု သိရှိရသည်။
ဆွမ်ပီယံစစ်ဆေးရေးဂိတ်တွင် ငွေကြေးအဓမ္မကောက်ခံမှုများကို ဦးဆောင်နေသူမှာ မချမ်းဘောအခြေစိုက် ခမရ ၁၃၇ တပ်ရင်းမှ ဗိုလ်မှူး စောမွန်အောင် (DSA 52) ဖြစ်ပြီး အဆိုပါ ဗိုလ်မှူး စောမွန်အောငမှာ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှ ဖြစ်သဖြင့် “ဗိုလ်မှူးရေဦး” ဟု လူသိများကြောင်း သိရှိရသည်။
အဆိုပါ ဗိုလ်မှူး စောမွန်အောင်က သက်ဆိုင်ရာ တပ်နယ်တာဝန်ခံများကို ငွေကြေးပေးဆောင်ကာ ခရီးသွားပြည်သူများအပေါ် ငွေညှစ်နေသည်မှာ ၂ လခန့် ရှိပြီဖြစ်ကြောင်း၊ ဆန်အိတ်၊ ဘိလပ်မြေအိတ် စသည့် အခြေခံကုန်စည်များကိုလည်း အရေအတွက်အလိုက် သတ်မှတ်၍ ငွေအတင်းအကျပ် ကောက်ခံကြောင်း ၊ “အထက်လူကြီးများကို ပိုင်သည်” ဟု အကြောင်းပြကာ ယခုကဲ့သို့ စိတ်ထင်တိုင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်တွင် ပြည်သူများကို စစ်ဆေးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




