ရန်ကုန်၊ မတ် ၁၈
ကချင်ပြည်နယ်၊ ဖားကန့်ရတနာမြေ၊ မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ရာ “စိမ်းစိမ်း” (Sein Sein) ကုမ္ပဏီမှ ဝန်ထမ်း ၅ ဦး မြေပိသေဆုံးခဲ့ကြောင်း သိရှိရသည်။
မတ်လ ၁၇ ရက်နေ့က မှော်စီစာရှိ အဆိုပါကုမ္ပဏီ၏ လုပ်ကွက်အတွင်း လုပ်ငန်း ခွင်ဝင်နေစဉ် မြေစာပုံမှာ ရုတ်တရက်ပြိုကျခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီဝန်ထမ်း ၅ ဦးမှာ ရှောင်တိမ်းချိန်မရဘဲ မြေစာများအောက်တွင် ပိတ်မိကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။
ဒေသတွင်းသတင်းရင်းမြစ်များ၏ အဆိုအရ သေဆုံးသူများမှာ အဆိုပါကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများဖြစ်ကြပြီး မြေစာပုံအောက်မှ ၎င်းတို့၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဖားကန့်ဒေသတွင် ယခုကဲ့သို့ မြေစာပုံပြိုကျမှုများကြောင့် အသက်ဆုံးရှုံးမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ကုမ္ပဏီဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။




