ရန်ကုန်၊ မတ် ၂၀
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းမှစ၍ လေယာဉ်ဖြင့် ဗုံး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်မှ စတင်ပြီး ဂုံညင်းဆိပ်ရွာအနီး ပိတ်မိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ပြီး စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို ပိတ်မိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် အင်အား ၈၀ ခန့်သာ ကျန်ရှိတော့ပြီး တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံ ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ စစ်တပ်သည် ပိတ်မိနေသော စစ်ကြောင်းကို ပြန်လည် ကယ်ထုတ်နိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့် နေ့စဉ် ပစ်ကူပေး တိုက်ခိုက်နေသော်လည်း စစ်ကြောင်းမှာ ရှေ့ဆက်တိုးနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
” ဂုံညင်းဆိပ်ရွာအနီးမှာက ပိတ်မိနေတဲ့ စစ်ခွေးတွေ ရှိနေလို့ နေ့တိုင်းနီးပါးကို ဗုံးကျဲနေတာ တစ်ရက်ကို အနည်းဆုံး ဗုံး ၅၀ ကျော်ကျဲတယ်။ Y-12 ကော ဂျက်ဖိုက်တာကော အစုံနဲ့ကိုကျဲနေတာ ဒီနေ့တော့ Y-12 ပဲလာသေးတယ်။ ဂျက်ဖိုက်တာတော့ မလာသေးဘူး။ တိုက်ပွဲက နေ့တိုင်းနီးပါးရှိပါတယ်။ စစ်ခွေးတွေကို တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း နယ်မြေရှင်းလင်းရေးတွေ ဆက်လက် လုပ်ဆောင်နေတုန်းပါပဲ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
သရက်ချောင်းမြို့နယ်ရှိ ဝင်းဝစစ်စခန်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့ မှ စတင်ပြီး တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကာ မတ်လ ၁၁ ရက်နေ့တွင် အပြီးသိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ ထို တိုက်ပွဲများအတွင်း စစ်ကူလာသော စစ်ကြောင်းများကိုပါ တော်လှန်ရေးပူးပေါင်း တပ်များက တိုက်ခိုက်နိုင်ခဲ့ပြီး စစ်တပ် ဘက်မှ ၆၇ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားပြီး လက်နက်မျိုးစုံ ၄၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မတ်လ ၁၄ ရက်နေ့တွင်လည်း ဝင်းဝစခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ခဲ့ရာ ထားဝယ်-မြိတ်လမ်းပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး MA-1 (၅)လက်၊ MA-3 (၃)လက်၊ MA-4 (၁)လက်၊ G-3 (၁)လက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည်လည်း သရက်ချောင်းမြို့နယ် တိုက်ပွဲများအတွင်း စစ်ဘေးရှောင်ပြည်သူ ၂၀ ခန့်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောဆိုထားသည်။




