35 C
Yangon

မုံရွာနှင့် ဝမ်းတွင်းတွင် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှုများ အရှိန်မြှင့်နေပြီး ၃ ရက်အတွင်း လူငယ်နှင့် အမျိုးသား ၇၀ ကျော် ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ မတ် ၂၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နှင့် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တို့တွင် အကြကြမ်းဖက်စစ်ကောင်စီတပ်များက အိမ်စီးကားများကို အသုံးပြု၍လည်းကောင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍လည်းကောင်း အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေပြီး ရက်ပိုင်းအတွင်း လူငယ်နှင့် အမျိုးသား စုစုပေါင်း ၇၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များဖြစ်သည့် Monywa Revolution – MR နှင့် Voice Of Wundwin အဖွဲ့တို့ထံမှ သိရှိရသည်။

မတ်လ ၁၉ ရက်နေ့က မုံရွာမြို့ပေါ်ရှိ လမ်းဆုံလမ်းခွများတွင် အလုပ်သွား၊ အလုပ်ပြန်လုပ်နေသည့် လူငယ်များကို အကြမ်းဖက်စစ်တပ်က အိမ်စီးကား ၄ စီး၊ ဒိုင်နာကား ၁ စီးတို့ဖြင့် တစ်ရက်တည်းမှာပင် လူငယ် ၃၂ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့သည်။

Monywa Revolution – MR အဖွဲ့၏ အတည်ပြုချက်အရ ကမ်းနားလမ်း၊ နန်ချွန်ဆိပ်တွင် လူငယ် ၃ ဦး

၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ၅ ဦး၊ ပြည်မြန်မာစိုးဆီဆိုင်အနီးတွင် ၃ ဦး၊ အင်းဖြတ်လမ်း၊ ထန်းတောကျွန်းဆွယ်တွင် ၂ ဦး၊ သဇင်သောက်ရေသန့်အနီးတွင် ၃ ဦး၊ စက်မှုဇုန်တွင် ၁ ဦး၊ သမ္မစိတ္တလမ်းတွင် ၅ ဦး၊ အေးရိပ်သာလမ်းမကြီးပေါ်တွင် ၆ ဦး၊ အောင်မဟာလမ်း၊ အသောကကျောင်းအနီးတွင် ၅ ဦး တို့ဖြစ်ကြသည်။

ဖမ်းဆီးခံရသူအားလုံးမှာ အမျိုးသားများဖြစ်ပြီး လက်ရှိအချိန်အထိ မိသားစုနှင့် တွေ့ဆုံခွင့်မရဘဲ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကိုလည်း မသိရှိရသေးပေ။

အလားတူ ဝမ်းတွင်းမြို့နယ်တွင် ၃ ရက်ဆက်တိုက် ကျေးရွာ ၂၀ ကို စီးနင်းပြီး လူငယ် ၄၀ ကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း သိရှိရသည်။

မတ်လ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ၃ ရက်ဆက်တိုက် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ မြို့ပေါ်နှင့် ကျေးရွာပေါင်း ၂၀ ကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ကာ လူငယ် ၄၀ ခန့်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း Voice Of Wundwin အဖွဲ့က ဆိုသည်။

စစ်တပ်က မတ်လ ၁၈ ရက်တွင် မြို့နယ်အရှေ့ပိုင်းနှင့် စမုံမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများ၊ မတ်လ ၁၉ ရက်တွင် မြို့ပေါ်ရပ်ကွက်များ၊ မတ်လ ၂၀ ရက် (ယနေ့) နံနက်တွင် မြို့နယ်အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို ကားကြီးများဖြင့် လှည့်လည်ကာ ဖမ်းဆီးနေခြင်းဖြစ်သည်။

ယနေ့ မတ်လ ၂၀ ရက်၊ နံနက် ၆ နာရီဝန်းကျင်တွင် အိုင်သာကျေးရွာအတွင်းသို့ ကားတစ်စီး၊ ဆိုင်ကယ်နှစ်စီးဖြင့် ဝင်ရောက်လာပြီး အိမ်ထဲ၌ အိပ်ပျော်နေသူများ၊ ဘုန်းကြီးကျောင်းသို့ အာရုံဆွမ်းပို့သွားသည့် လူငယ်တစ်ဦး၊ တောထဲသို့ အလုပ်သွားမည့်သူများနှင့် လမ်းတွင်တွေ့သမျှ လူငယ်များကို လူမိုက်ဂိုဏ်းဆန်ဆန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ပေါ်တာဆွဲခံရသည့် ကျေးရွာ ၂၀ မှာ ဆူးပန်းကျေးရွာ၊ မြင်းကျကန်ကျေးရွာ၊ မန်ကျီးအုပ်ကျေးရွာ၊ သရက်ကန်ကျေးရွာ၊ ကန်စွယ်ကျေးရွာ၊ စမုံကျေးရွာ၊ နဘဲကန်ကျေးရွာ၊ ကုန်းရွာကျေးရွာ၊ ရွှေတွင်းတူးဆည်ကျေးရွာ၊ ခင်ကြီးကျေးရွာ၊ ပင်းတလဲကျေးရွာ၊ သစ်ပလွေကန်ကျေးရွာ၊ ဉာဏ်ကန်ကျေးရွာ၊ ရှောက်တောကျေးရွာ၊ ဇဝင်းကျေးရွာ၊ အိုင်သာကျေးရွာ၊ နေပူကုန်းကျေးရွာ၊ ဒါးလှကျေးရွာနှင့် အခြားကျေးရွာငယ်များ ဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ အသက် ၁၇ နှစ်မှ ၄၀ နှစ်ကြား အမျိုးသားများဖြစ်ပြီး၊ အသက်ကြီးသူအချို့ကိုမူ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ၎င်းတို့ကို မိတ္ထီလာဘက်မှ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေပြီး ဖမ်းဆီးခံရသူများ၏ နောက်ဆက်တွဲအခြေအနေကို စုံစမ်းရန် ခက်ခဲနေဆဲဖြစ်သည်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိ အချို့ကျေးရွာများမှာ အိမ်ခြေ ၅၀ ခန့်သာရှိသော ကျေးရွာငယ်လေးများဖြစ်သော်လည်း စစ်ကောင်စီတပ်များက အိမ်ထဲအထိ ဝင်ရောက်မွှေနှောက် ဖမ်းဆီးနေခြင်းကြောင့် ဒေသခံပြည်သူများမှာ အလွန်အမင်း ထိတ်လန့်စိုးရိမ် ထွက်ပြေးနေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၄ ခုနှစ်နှစ်ကုန်ပိုင်း စစ်မှုထမ်းတပ်သားများဖြစ်သည်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article