ရန်ကုန်၊ မတ် ၂၁
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဒရုန်းစစ်ဆင်ရေး အတတ်ပညာများ သင်ကြားပေးရန် ပူးပေါင်းကြံစည်မှုဖြင့် ယူကရိန်းနိုင်ငံသား ခြောက်ဦးနှင့် အမေရိကန်နိုင်ငံသားတစ်ဦး အပါ အဝင် စုစုပေါင်း နိုင်ငံခြားသား ခုနစ်ဦးကို ဖမ်းဆီးလိုက်ခြင်းသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော တိုင်းရင်းသား ပဋိပက္ခများကို တစ်ကျော့ပြန် အာရုံစိုက်လာစေသည်။
ဖမ်းဆီးခံရသူ ၇ ဦးအနက် အမေရိကန်နိုင်ငံသား မက်သရူး ဗန်ဒိုက် (Matthew VanDyke) သည် အိန္ဒိယနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လေ့ကျင့်ပေးခဲ့သူ ဖြစ်သည်။ ၎င်းသည် အိန္ဒိယနိုင်ငံအတွင်း ပိတ်ပင်ထားသော အဖွဲ့အစည်းအချို့ကိုလည်း လေ့ကျင့်ပေးခဲ့ဖူးကြောင်း အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများကို ဒေလီတရားရုံး၏ အမိန့်အရ NIA က ၁၁ ရက်ကြာ ထိန်းသိမ်းစစ်ဆေးလျက်ရှိသည်။
ဗန်ဒိုက်သည် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ၊ မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးသူနှင့် စစ်မြေပြင်သတင်းထောက်အဖြစ် အမည်တပ်ထားသော်လည်း ၎င်း၏ နောက်ကွယ်တွင် ပိုမိုနက်နဲသော အခန်းကဏ္ဍများ ရှိနေနိုင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
အဆိုပါ ဖမ်းဆီးမှုများကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ရှိ လုံခြုံရေး အားနည်းချက်များနှင့် ဒေသတွင်းရှိ အိန္ဒိယ၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများကို ပြန်လည် အာရုံစိုက်လာကြသည်။
ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသည့် ကမ်းရိုးတန်းပြည်နယ်တစ်ခုဖြစ်ပြီး အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံလုံးက အခြေစိုက်ရန် ကြိုးပမ်းနေသည့် နေရာဖြစ်သည်။
အိန္ဒိယသည် ကုလားတန်စီမံကိန်းအောက်ရှိ စစ်တွေဆိပ်ကမ်းမှတစ်ဆင့် အခိုင်အမာ ခြေကုပ်ယူထားပြီး တရုတ်ကမူ ကျောက် ဖြူဆိပ်ကမ်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများဖြင့် အကျိုးစီးပွား တည်ဆောက်ထားသည်။
အမေရိကန်သည်လည်း တရုတ်ကို စောင့်ကြည့်ရန်နှင့် အရေးပါသည့် သင်္ဘောလမ်းကြောင်းများကို ထိန်းချုပ်နိုင်ရန် မြန်မာ့အနောက်ဘက်ကမ်းရိုးတန်းတွင် ခြေကုပ်ရယူလိုနေပြီး စစ်တပ်ကို ဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့များကို ထောက်ပံ့နေသည်ဟု ယူဆရသည်။
အိန္ဒိယနှင့် မြန်မာသည် ကီလိုမီတာ ၁,၆၄၃ ရှည်လျားသည့် ကုန်းတွဲနယ်နိမိတ်နှင့် ရေပြင်ပိုင်နက်ပါ ထိစပ်နေသည်။ အိန္ဒိယအတွက် အဓိက လုံခြုံရေး စိန်ခေါ်မှုမှာ နာဂလန်း၊ မဏိပူရနှင့် အာသံပြည်နယ်များမှ သူပုန်အဖွဲ့များက မြန်မာနိုင်ငံ အနောက်မြောက်ဘက် တောင်တန်းဒေသများကို ခိုလှုံရာအဖြစ် အသုံးမပြုနိုင်စေရန် တားဆီးရေးပင် ဖြစ်သည်။
အိန္ဒိယ၏ သံတမန်ရေးရာ ချဉ်းကပ်မှုများသည် ယခင်က “Look East” မူဝါဒမှ “Act East” သို့လည်း ကောင်း၊ နောက်ပိုင်းတွင် “Neighborhood First” (အိမ်နီးချင်းဦးစားပေး) နှင့် “MAHASAGAR” မူဝါဒများအဖြစ် ပြောင်းလဲကျင့်သုံးခဲ့သည်။
မဟာဗျူဟာကျွမ်းကျင်သူများ၏ အဆိုအရ မြန်မာနိုင်ငံသည် တရုတ်၏ တစ်ဦးတည်းသော ထိန်းချုပ်မှုအောက်သို့ ရောက်မသွားစေရန် အိန္ဒိယအနေဖြင့် မဖြစ်မနေ လုပ်ဆောင်ရမည်ဟု ဆိုသည်။
လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ပြည်တွင်းရေး အခြေအနေများသည် များစွာ ပြောင်းလဲလာခဲ့ပြီး ချင်းပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များက နယ်မြေစိုးမိုးမှုများ ရရှိလာခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီသည် ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရယူရန် “ရန်နိုင်မင်း” စစ်ဆင် ရေးဖြင့် တန်ပြန်ထိုးစစ်များ ဆင်နွှဲနေသော်လည်း တိုင်းရင်းသားအဖွဲ့များနှင့် PDF များက နယ်မြေ၏ ၅၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။
အိန္ဒိယအတွက် အကြီးမားဆုံး စိုးရိမ်စရာမှာ တရုတ်လုပ် ဒရုန်းများကဲ့သို့သော လက်နက်များကို နှစ်ဖက်စလုံးက အသုံးပြုလာခြင်းပင် ဖြစ်သည်။
အဆိုပါ ဒေသအတွင်း ကြေးစားစစ်သားများ လှုပ်ရှားနေခြင်းသည် ဆယ်စုနှစ်များစွာ ရှိခဲ့သော်လည်း အခုကဲ့သို့ ဖမ်းဆီးရမိခြင်းမှာ အိန္ဒိယ၏ တင်းကျပ်သော ရပ်တည်ချက်ကို ပြသလိုက်ခြင်း ဖြစ်သည်။ ခရီးသွားဗီဇာကို အသုံးပြု၍ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခြင်းနှင့် အိန္ဒိယမြေကို အသုံးပြု၍ လက်နက်မှောင်ခိုသွင်းခြင်းသည် အိန္ဒိယ၏ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ချိုးဖောက်ဟု အိန္ဒိယက ယူဆနေသည။
အိန္ဒိယသည် ၁၉၉၀ ပြည့်နှစ်များကတည်းက ၎င်း၏ နယ်မြေကို အိမ်နီးချင်းနိုင်ငံ များကို တိုက်ခိုက်ရန် အသုံးပြုခွင့်ပေးမည်မဟုတ်ဟု တရားဝင် ပြောကြားထားခဲ့သည်။ ဘင်္ဂလားပင်လယ်အော်၏ မဟာဗျူဟာကျသော တည်နေ ရာ ကြောင့် ပြင်ပသြဇာများ (တရုတ် သို့မဟုတ် အနောက်အုပ်စု) ဝင်ရောက်စွက် ဖက် လာခြင်းကို အိန္ဒိယက အလွန်ပင် စိုးရိမ်နေသည်။
ထို့ကြောင့် ယခုဖမ်းဆီးမှုများနှင့် စုံစမ်းစစ်ဆေးမှုများမှာ အတွက် အိန္ဒိယအမျိုး သားလုံခြုံရေးအတွက် အလွန်အရေးပါသော လုပ်ဆောင်ချက်များ ဖြစ်သည်ဟု သုံးသပ်ရသည်။
(NDTV သတင်းဌာန၏ Why Myanmar Angle In Foreigners’ Arrest Raises Security Concerns For India ကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။)




