ရန်ကုန်၊ မတ် ၂၁
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် Local PDF ၄ ဖွဲ့ ပူးပေါင်း၍ “ပုဂံညောင်ဦး Local တပ်ပေါင်းစု” အဖြစ် ဖွဲ့စည်းလိုက်ပြီး မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့တွင် စစ်ရေး ဖော်ဆောင်မည်ဖြစ်ကြောင်း 21 BAGAN – People Defense Force တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၉ ရက်နေ့တွင် ညောင်ဦးမြို့နယ်အတွင်းရှိ Local PDF ၄ ဖွဲ့ဖြစ်သော 21 Bagan People Defense Force၊ ဒေါင်းရင်သွေးပျောက်ကျားတပ်ဖွဲ့ (DYT) ၊ Garuda Secret Force (ပုဂံ/ဂဠုန်တပ်) နှင့် Tiger Warrior Force တို့ ပူးပေါင်း၍ “ပုဂံညောင်ဦး Local တပ်ပေါင်းစု” အဖြစ် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို ခေါင်းငုံမခံဘဲ အမျိုးမျိုးတော်လှန်ခဲ့ကြသည့် လူငယ်အများစုသည် လက်နက်ကိုင် တော်လှန်ခြင်းကို ရွေးချယ်ခဲ့ပြီး ဒေသအလိုက် တော်လှန်ရေးအဖွဲ့များ ဖွဲ့စည်းကာ စစ်ကောင်စီကို နေရာအနှံ့အပြား တွန်းလှန်တိုက်ထုတ်၍ စစ်တပ်၏ ထိန်းချုပ်နယ်မြေ အများအပြားကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်ရယူ ထိန်းချုပ်နိုင်နေကြောင်း၊ ယခုအချိန်တွင် နိုင်ငံရေး အလှည့်အပြောင်းများနှင့်အတူ စစ်အုပ်စုက ပုဂံညောင်ဦးဒေသတွင် လက်လွှတ်ထားရသော နယ်မြေများအတွင်းကို အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး ပြည်သူများနှင့် ပြည်သူများ၏ ပိုင်ဆိုင်မှုများကိုအတင်းအန္ဓမ လုယက်၊ မီးရှို့ သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
ထိုကဲ့သို့ ရက်စက် ကြမ်းကြုတ်နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို ယခင်ကထက် ပိုမို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ပြီး ၎င်းတို့၏ ထိန်းချုပ် နယ်မြေများကို အခြေချ ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အတွင်းမှ စကစကို တော်လှန် တိုက်ခိုက်နေကျသော Local PDF အဖွဲ့များ ပူးပေါင်း၍ စစ်တပ်ကို စုစည်းအားဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း 21 BAGAN – People Defense Force တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။
“မြို့နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေ စုစုစည်းစည်းနဲ့ စစ်ကောင်စီကို တွန်းလှန်နေကြောင်းနှင့် စစ်ကောင်စီရဲ့ လက်နက်ချအလင်းဝင်တယ်ဆိုတဲ့ ဝါဒမှိုင်းတွေအပေါ် ပြည်သူတွေအနေနဲ့ ယုံကြည်ပြိး စိတ်ဓာတ်ကျဆင်းမသွားဖို့ပါပဲ။ စစ်ရေးအရ စကစ ကိုတော်လှန်နေတဲ့ မည်သည့်အဖွဲ့အစည်းနဲ့မဆို လက်တွဲပြီး လုပ်ဆောင်သွားဖို့ရှိပါတယ် ။အဓိက ကတော့ မကွေးတိုင်းနှင့် မန္တလေးတိုင်း အတွင်းမှာ စစ်ရေးဖော်ဆောင်သွားဖို့ရှိပါတယ်။ အဓိကတော့ ညောင်ဦးမြို့နယ်အတွင်းမှာရှိတဲ့ အဖွဲ့ အစည်းတွေ စကစထံ လက်နက်ချ အလင်းဝင်တယ်ဆိုတဲ့ သတင်းတွေဟာ စစ်ကောင်စီ ဝါဒဖြန့်ခြင်းသက်သက်သာဖြစ်ပြီး ပြည်သူများ မယုံကြဖို့နဲ့ စိတ်ဓာတ်တွေ ကျမသွားဖို့ ပါပဲ” ဟု 21 BAGAN – People Defense Force တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။




