ရန်ကုန်၊ မတ် ၂၁
တနင်္သာရီတိုင်း၊ မြိတ်မြို့မှ တနင်္သာမြို့ဘက်သို့ အသွားအပြန်ပြုလုပ်သည့် စစ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ခန့်သေဆုံးပြီး ကား ၂ စီးပျက်စီးခဲ့ကြောင်း ပြည်သူ့လွတ် မြောက်ရေးတပ်မတော် -PLA တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ မတ်လ ၂၀ ရက် နံနက် ၁၀ နာရီခန့်က မြိတ်မြို့မှ တနင်္သာရီမြို့ဘက်သို့ တက်လာသော စစ်ကား ၂ စီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် မဟာမိတ်တပ်များကမိုင်းဆွဲ တိုက် ခိုက်ခဲ့ကြောင်း၊ ညနေပိုင်းတွင် တနင်္သာရီမြို့ဘက်မှ မြိတ်မြို့ဘက်သို့ ပြန်လာသည့် စစ်ကား ၇ စီးပါ ယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
“နှစ်ကြိမ်တိုက်ခိုက်တာမှာ စခ ၃၀ လောက်ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။ ဘာအတွက် သွားလည်းတော့ မသိရပါဘူး။ အင်အားဖြည့်ဖို့ ရိက္ခာဖြည့် ဖို့ပဲ ဖြစ်နိုင်ပါတယ်။ ရဲဘော်တွေအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပြည် သူ့လွတ် မြောက်ရေးတပ်မတော် -PLA တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်သား ၃၀ ခန့် ထိခိုက်သေဆုံးပြီး စစ်ကား ၂ စီးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် မဟာမိတ်တပ်ဖွဲ့များ ဖြစ်သော ဗိုလ်ခရင်းတပ်ဖွဲ့ ၊တနင်္သာရီ ရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။




