ရန်ကုန်၊ မတ် ၂၁
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အဆောက်အဦးများ မီးလောင်ပြာကျပြီး သံဃာတော်များ ထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း စာသင်ကျောင်းသည် ၅ ရက်ကျောင်းပိတ်ထားသည့် အတွက် ထိခိုက်မှုမရှိသော်လည်း ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော်များ ထိခိုက်မှုရှိကြောင်း သိရသည်။
“ဆူးလေကုန်းရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို လေယာဉ်နဲ့ ဒီနေ့ မွန်းလွဲ ၁၂ နာရီကျော်မှာ ဗုံးကျဲသွားတယ်။ ကလေးတွေကျောင်း ၅ ရက်ပိတ်ထားလို့ အထိအခိုက်တော့မရှိဘူး။ ဗုံးကျဲခံရတဲ့နေရာတွေတော့ ပြာကျသွားပြီ သံဃာတော်တွေတော့ ထိခိုက်မှုရှိတယ်လို့ သိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ယမန်နေ့ မတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်က ကသာမြို့၊ လေးထပ်ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅၀ ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့သည်။
ထိုသို့ စစ်တပ်က စစ်ကိုင်းတိုင်းအတွင်းရှိ အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို လေကြောင်းဖြင့် နေ့စဉ်ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ လေကြောင်း အန္တရာယ် သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက အသိပေးပြောဆိုထားသည်။






