ရန်ကုန်၊ ဇူလိုင် ၁၈
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၂ ရပ်ကွက်၊ ၉ လမ်းတွင် ဗိုလ်ကြီးအောင်နိုင်ဖြိုးနှင့် မဂျူးဂျူးအောင်တို့ လင်မယား ကားဖြင့် ထွက်လာစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဘုရင့်နောင် (၄) လမ်းနေထိုင်သူ ဗိုလ်ကြီးအောင်နိုင်ဖြိုးနှင့် မဂျူးဂျူးအောင်တို့ ကား မောင်းနှင်လာစဉ် ဘုရင့်နောင် (၉) လမ်း၊ တိုက် (၁၈)၊ အခန်း (၁၂) ရှေ့လမ်းပေါ်အရောက် သေနတ်သမား ၂ ဦးက အနီးကပ်ပစ်ခတ်သဖြင့် ဗိုလ်ကြီးအောင်နိုင်ဖြိုးနှင့်မဂျူးဂျူးအောင်တို့ လည်ပင်းနှင့်နားထင်ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်သည်ဟု စစ်တပ်သတင်းရင်းမြစ် News of Myanmar ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
“ဒီမနက် ၉ နာရီမှာဖြစ်တာ။ ပထမ ဒလန်လို့ပဲထင်တာ။ အခု စစ်တပ်သတင်းတွေ တက်လာမှာ ဗိုလ်ကြီးလင်မယားဆိုတာသိတာ။ အမျိုးသားက ကားထဲမှာပဲ ပွဲချင်းပြီး သေတာ။ အမျိုးသမီးက ကားထဲမှာ အသက်ရှုသေးတယ်။ ဒါပေမယ့် သွေးတွေက အိုင်နေတာပဲ။ ဒဏ်ရာပြင်းတော့ သေမယ်လို့ ထင်ပါတယ်။ အခုတော့ စစ်တပ်သတင်းတွေမှာ သေပြီလို့ ရေးထားတယ်။ ရဲတွေ စစ်သားတွေတော့ အများကြီးပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။