ရန်ကုန်၊ ဇူလိုင် ၁၈
အကြမ်းဖက်စစ်ကောင်စီက တပ်ရင်းတပ်ဖွဲ့များတွင် စစ်သားများ CDM ဝင်ပါကလည်း တစ်ဖက်အဖွဲ့အစည်းများက ပစ်သတ်နေမှုများ လုပ်ဆောင်နေသည်ဟု ဗီဒီယို၊ ဓာတ်ပုံများဖြင့် ဝါဒဖြန့် လျက်ရှိကြောင်း တပ်တွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဥကရစ်ထ တိုက်ပွဲအတွင်း တိုက်ပွဲဝင်ရင်း ဖမ်းဆီးခံရကာ အညံ့မခံသော စစ် သားတချို့ ပစ်ခတ်သတ်ဖြတ်ခံရသည့် ဗီဒီယိုနှင့်ဓာတ်ပုံ များကို အကြမ်းဖက်စစ်တပ်က တပ်ရင်းတပ်ဖွဲ့များထံသို့ ဖြန့်ဝေ ပြသပြီး CDM ဝင်သော စစ်သားများကို ပစ်သတ်မှုများ အဖြစ် ပုံဖော် လိမ်လည်ခြင်း၊ CDM ဝင်သော စစ်သားများ ပစ်သတ်ခံရမှုများအပြင် အတိဒုက္ခရောက်နေမှုများ ရှိနေသည်ဆိုသော ဝါဒဖြန့်မှုများကို အကြီးအကျယ် လုပ်ဆောင်နေကြောင်း သိရှိရသည်။
“အခု တပ်ထဲမှာ CDM ဝင်ရင်လည်း ပစ်သတ်တာပဲဆိုတာမျိုး အပေါ်က ထုတ်လိုက်တဲ့ ညွှန်ကြားစာတွေ ဖတ်ပြ၊ ပုံနဲ့ဗီဒီယိုတွေ ပြသတယ်။ CDM ဝင်ရင် ပစ်သတ်ခံရရုံတင်မက ဒုက္ခတွေလည်းရောက်နေကြတယ်ဆိုတာမျိုး ပြောတယ်။ တပ်ထဲမှာပဲ စည်းစည်းလုံးလုံးနဲ့ အခက်အခဲတွေကို ကျော်လွှားကြမယ်။ CDM ဆိုတာ မက်လုံးပဲ ဘာမှ အာမခံ ချက်မရှိဘူး ဆိုတာမျိုးတွေ ခေါ်ပြောတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။
အလားတူ လေတပ်များတွင်လည်း အစည်းအဝေး လုပ်ပြီး ပြည်ပ သတင်းဌာနများနှင့် လူမှုကွန်ရက်များတွင် တင်နေသော သတင်းများကို မယုံကြည်ရန် ခေါ်ယူပြောဆိုကြောင်း သိရှိရသည်။
” တပ်တွင်းအစည်းဝေး လုပ်တယ်။ အပြင်ဘက်က ဖြစ်နေတဲ့သတင်းတွေ ဘာတခုမှ မယုံပါနဲ့တဲ့။ မိသားစုတွေလည်း အပြင်ထွက်ခွင့်မရှိဘူး” ဟု လေတပ်သတင်းရင်းမြစ်တစ်ခုက ပြောသည်။
ထို့ပြင် တပ်အတွင်းတွင် အရာရှိနှင့်စစ်သည်များ အပါအဝင် အဆင့်အားလုံး ရဲဘော်ရဲဘက်စိတ်ဖြင့် အထက်အောက် ညီမျှသည့် အုပ်ချုပ်မှုစနစ်ဖြစ်ပေါ်စေရေးအတွက် ဟုဆိုကာ မင်းအောင်လှိုင်က တစ်ပြေးညီ ထမင်းစားပွဲများ ပြုလုပ်ရန် အမိန့် ထုတ်ထားသဖြင့် တပ်ရင်းတပ်ဖွဲ့များတွင် အရာရှိများကိုယ်တိုင် လိုက်လံ၍ ထမင်းစားပွဲများပြုလုပ်နေရကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင်နှင့် အတူတူ ထမင်းစားနေသော အမျိုး သမီးစစ်သည် ၂ ဦး။