28 C
Yangon

ချင်းပြည်နယ်တွင် စစ်တပ်ကို မောင်းထုတ်ပြီးပါက ညီညွတ်ရေးအတွက် မဖြစ်မနေ ကြိုးပမ်းမည်ဟု ICNCC/ CB ဥက္ကဋ္ဌပြော

Must read

ရန်ကုန်၊ မတ် ၂၄

ချင်းပြည်နယ်အတွင်းရှိ အဓိကရန်သူဖြစ်သော စစ်ကောင်စီတပ်များကို တိုက်ထုတ်ပြီးပါက ချင်းလက်နက်ကိုင်အဖွဲ့များအားလုံး တစ်စုတစ်စည်းတည်းဖြစ်စေရန်နှင့် စည်းလုံးညီညွတ်မှု တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ CB ဥက္ကဋ္ဌ ထန်းချွန်ဖေက ပြောကြားလိုက်သည်။

မတ်လ ၂၁ ရက်နေ့ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့သည့် “ချင်းညီနောင် စစ်ဆင်ရေး ရန်ပုံငွေပွဲ” တွင် သူက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ချင်းပြည်နယ်တွင် စစ်တပ်ကို မောင်းထုတ်ရမည်ဖြစ်ပြီး ထိုသို့ မောင်းထုတ်ပြီးပါက ညီညွတ်ရေး တည် ဆောက်ရမည်ဖြစ်ကြောင်း သူက ရှင်းပြသည်။

“ကျနော်တို့ ချင်းညီနောင်အနေနဲ့ အဓိကရန်သူက စစ်ကောင်စီဖြစ်တဲ့အတွက် စစ်ကောင်စီကို မောင်းထုတ်မယ်။ ရန်သူကို မောင်းထုတ်ပြီးရင် နောက်ထပ် ဘာလုပ်မလဲဆိုရင် ကျနော်တို့မှာ Plan (အစီ အ စဉ်) ရှိတယ်။ ကျနော်တို့ လက်ခံထားတာက ချင်းဟာ တစ်ခုတည်း ဖြစ်ရပါမယ်။ တစ်ချင်းပဲ ဖြစ်ရပါမယ်။ စည်းလုံးညီညွတ်ရပါမယ်။ ဒါကလည်း ကျနော်တို့ လုံးဝ ယုံကြည် မျှော်လင့်ထားတဲ့ အရာဖြစ်ပါတယ်။” ဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ CB ဥက္ကဋ္ဌ ထန်းချွန်ဖေက ပြောသည်။

ထို့ပြင် အဖွဲ့အစည်းများအကြား ယုံကြည်မှု တည်ဆောက်ရေးသည် အပြင်လူက လုပ်ပေးနိုင်သည့်အရာ မဟုတ်ဘဲ ကိုယ်တိုင် ပြုမူဆောင်ရွက်မှုအပေါ်တွင်သာ မူတည်ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီကို တိုက်ထုတ်ရန် အရေးကြီးနေသဖြင့် အချိန်မပေးနိုင်သေးသော်လည်း ရန်သူပြေးပြီးပါက မဖြစ်မနေ ပြန်လည်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ ယခုတစ်ကြိမ် တော်လှန်ရေး ပျက်စီးလျှင် နောက်ထပ် နှစ် ၅၀ ကြာနိုင်ကြောင်း ၎င်းက သတိပေးသည်။

“တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးပြီး ပဋိပက္ခကို ဦးတည်စေပါက အစကနေ ပြန်စရမှာမို့လို့ ၅ နှစ်နဲ့ ပြီးရမှာကို ၁၀ နှစ်လောက် ပြန်ကြိုးစားရနိုင်တယ်။ နောက်တစ်ခါ ထပ်ပျက်ရင် တော်လှန်ရေးက နှစ် ၅၀ တောင် ကြာသွားနိုင်ပါတယ်။”ဟု ၎င်းက သတိပေး ပြောဆိုသည်။

လက်ရှိ ဖလမ်းမြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍လည်း ၎င်းက မှတ်ချက်ပြုခဲ့ရာ တွင် ဖလမ်းတိုက်ပွဲသည် ချင်း မြောက်ပိုင်းရှိ လက်နက်ကိုင်များအားလုံးအတွက် အရေးပါသည့် တိုက်ပွဲဖြစ်ကြောင်း၊ မည်သည့်အဖွဲ့ကမျှ Credit (ဂုဏ်ပြုမှု) ယူနေရန် မလိုဘဲ အားလုံးဝိုင်းဝန်း တိုက် ခိုက်နေကြခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဖလမ်းမြို့သို့ စစ်ကောင်စီတပ်များသည် အင်အား တစ်ထောင်ခန့်ဖြင့် ဒရုန်း၊ လေကြောင်းနှင့် လက်နက် ကြီးပစ်ကူများ အသုံးပြုကာ ထိုးစစ်ဆင်နေသည်မှာ ၄ လကျော် ရှိလာပြီဖြစ်သည်။

ဖလမ်းမြို့ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် ၂၀၀ ကျော် သေဆုံးခဲ့ပြီး ချင်းပူးပေါင်းတပ်များဘက်မှလည်း ထိခိုက်ကျဆုံးမှုများ ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article