ရန်ကုန်၊ ဇူလိုင် ၁၈
နာမည်ဆိုးဖြင့် ကျော်ကြားသော သာယာဝတီ အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားများကို ထောင်ဝန်ထမ်းများက ဦးချိုးမည်ဟု ပြောဆိုကာ အချုပ်ဆောင်ရှေ့တွင် ပုံစံထိုင်ခိုင်းပြီး ဦးခေါင်းများကို နေ့စဉ်ရိုက်နှက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံရေး အကျဉ်းသားများကို သာယာဝတီ အကျဉ်းထောင် ဝန်ထမ်းများက နေပူ၊ မိုးရွာ မရွေး အချုပ်ဆောင်ရှေ့တွင် ပုံစံ ထိုင်ခိုင်းပြီး ထောင်ဝန်ထမ်း များက ဦးခေါင်းများကို အချက်ရေ မရေတွက်နိုင်အောင် ရိုက်နှက်ကြောင်း၊ ဦးချိုးပြမယ်ပြောဆိုပြီး ခြေကျင်းများကိုလည်း ရက် အကန့်အသတ်မရှိ ခတ်ထားကြောင်း သိရသည်။
ထို့သို့ ညှဉ်းပန်းနှိပ်စက်ခံနေရသော အကျဉ်းသားများတွင် ကျန်းမာရေး မကောင်း သော နိုင်ငံရေး အကျဉ်းသားများပါ ပါဝင်ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားတချို့သည် သံခြေကျင်းများ နေ့စဉ် ဝတ်ဆင်ထားသောကြောင့် ယားနာများဖြင့် ညိုမဲနေကာ ကုတ်မရဘဲ ဒဏ်ရာ၊ အနာများကိုလည်း ဆေးထည့်ခွင့်မပြု ကြောင်း၊ဖျားနာမှု ရှိလာလျှင်လည်း ဆေးမကုပေးဘဲ တာဝန်ကျ ထောင်ဝန်ထမ်းများကပါ ဖြတ်သွား၊ ဖြတ်လာ ထောင်ဝန်ထမ်းပါ မကျန် ထိုး၊ ကြိတ်၊ ကန်၊ ကြောက် ညှဉ်းပန်းမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။
ဘားအံ အကျဉ်းထောင်မှ ပြောင်းရွေ့လာသည့် တက္ကသိုလ် ကျောင်းသား နိုင်ငံရေး အကျဉ်းသား ၉ ဦးထဲမှ ၃ ဦးကိုလည်း တိုက်ပိတ်ကာ ထောင်ဝန်ထမ်းများက စိတ်ကြိုက် ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် တိုက်ပိတ် ညှင်းပန်း နှိပ်စက် ကြောင်း၊ ဘားအံ တက္ကသိုလ်မှ ကျောင်း သား ၉ ဦးသည် ထောင်ဒဏ် ၁၂ နှစ်၊ ၁၃ နှစ် အသီးသီး ချမှတ် ခံထားရသူများဖြစ်ပြီး ကိုမင်းသူအောင်၊ ကိုရဲထွဋ်ခေါင်နှင့် ကိုဇော်ဝင်းထွဋ် ၃ ဦးမှာ ရိုက်နှက် တိုက်ပိတ်ခံထားရကြောင်း၊ “ဘားအံက ပြောင်းလာတဲ့ ကောင်တွေ မင်းတို့ကိုငါတို့ ဦးချိုးပြမယ်” ပြောဆိုကာ နေ့စဥ် ဦးခေါင်းကို ရိုက်နှက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဘားအံထောင်မှ ပြောင်းရွှေ့လာသော အကျဉ်းသားများ၏ တစ်ကိုယ်ရေသုံးပစ္စည်းများကိုလည်း ထောင်ဝန်ထမ်းများက အတင်း အဓမ္မ သိမ်းဆည်းထားပြီး ထောင်ဝင်စာပို့သော အကျဉ်းသားမိသားစုများကိုမူ ပစ္စည်း အကုန် ရောက်သည်ဟု ထောင်ဝန်ထမ်းများက ပြောဆိုကြောင်း၊ အကျဉ်းသားများထံ ပါဆယ်ပစ္စည်း အကုန်ပို့ဆောင်ခြင်း မရှိဘဲ ၎င်းတို့ ကြိုက်နှစ်သက်ရာ များကို ယူဆောင်ထားကြောင်း သိရသည်။
အလားတူ ထားဝယ် အကျဥ်းထောင်ရှိ နိုင်ငံရေးအကျဥ်သားများနှင့်အချုပ်သားများနှင့် တစ်ခြားအမှုတွဲများဖြင့် ချုပ်နှောင်ခံထားရသော အချုပ်သားများပါ နှစ်ရှည်ကြာမြင့်စွာ အမိန့်မချဘဲ ဖမ်းဆီးချုပ်နှောင်ထားကြောင်း ဒေသသတင်းရင်းမြစ် Dawei Information Center ထံမှ သိရှိရသည်။
ထို့ပြင် အမျိုးသမီးအကျဉ်းသားများအနေဖြင့်လည်း အခက်ခဲများစွာ ကြုံတွေ့နေရပြီး လစဥ်သုံးပစ္စည်းများ၊တစ်ကိုယ်ရည်သန့်ရှင်းမှုများ ၊ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများ မရရှိဘဲ တားမြစ်ပိတ်ပင်ခံနေရကြောင်း၊ ထားဝယ် ကျဥ်းထောင်အတွင်းရှိ ထောင်ပိုင်အရာရှိများနှင့်ဝန်ထမ်းများက လူခွင့်ရေးအချိုးဖောက်မှု၊ ကြီး နိုင်ငယ်ညှင်းပန်းနှိပ် စက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီ၏ အကျဉ်းထောင်တစ်ခုအတွင်းမှ အကျဉ်းသားတချို့။ (ပုံအဟောင်းဖြစ်ပါသည်)
Photo – AAPP