24.1 C
Yangon

မောင်တောမြောက်ပိုင်းတွင် စစ်ကားတစ်စီး မိုင်းဆွဲခံထားရပြီး ပစ်ခတ်သံများ ထွက်ပေါ်

Must read

ရန်ကုန်၊ ဇူလိုင် ၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတရိမ်း(မြို)ကျေးရွာနှင့် မြဝတီကျေးရွာအနီးတွင် ယနေ့ ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်သံများဖြစ်ပေါ်ခဲ့ကြောင်း မြန်မာ စစ်တပ်က ကားတစ်စီးမိုင်းဆွဲခံရ၍ ပျက်စီးသွားကြောင်း မျက်မြင် ဒေသခံများက ပြောသည်။

မြဝတီကျေးရွာအနီးတွင် မြန်မာ စစ်တပ်ကားစီးကိုမိုင်းဆွဲခံရသည့် အပျက်အစီးများကိုမြင်တွေ့ရကြောင်း ပစ်ခတ်မှုဖြစ်ပွါးပြီးနောက်ပိုင်း မင်္ဂလာညွန်တောင် ထိပ်တွင် ရှိသည့် မြန်မာ စစ်တပ်က လက်နက်ကြီးများဖြင့် ၄ ကြိမ်တိတိ ပစ် ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြဝတီကျေးရွာတစ်ဦးက”နှစ်ဖက် ပစ်ခတ်သံတွေကြားရတယ်။ ရွာနား လမ်းမပေါ်က ကားတစ်စီးလည်း မိုင်းဆွဲခံထားရတာတွေ့တယ်။ ရွာသားတွေကတော့ ပစ်ခတ်သံ ထွက်လာကတည်းက ရွာအပြင်မထွက်ဘဲ စာသင်ကျောင်းမှာ နေကြတယ်။ ပစ်ခတ်မှုဖြစ်ပွါးပြီးနောက်ပိုင်းမှာ မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ လေးကြိမ်ကြိမ်တိတိ ပစ်တယ်”ဟုပြောသည်။

ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှာ မောင်တောမြို့နယ်၊ တရိမ်း(မြို)ကျေးရွာ တောင် ဖက် တစ်မိုင်ခန့်တွင် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သည် တရိမ်း(မြို) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိမ်စိုးမောင်က ပြောသည်။

“ပထမကတော့ လက်နက်ငယ်ပစ်ခတ်သံ အချက် ၁၀ ကျော်လောက်ကြားတယ်။ အဲဒါပြီးတော့ လက်နက်ကြီးသံတစ်ချက် ကြားလိုက်ပါတယ်။ တိုက်ပွဲဖြစ်၊ မဖြစ်ကို ကျနော်တို့လည်း မပြောတတ်ဘူး။ အပြင်ကိုလည်း တစ်ယောက်မှ မထွက်ရဲကြဘူး။ သတင်းအတိအကျလည်း မရဘူး”ဟု ပြောသည်။

နှစ်ဖက်ပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါးမှုနှင့်ပတ်သက်၍ မည့်သည့်အဖွဲ့နှင့် ပစ် ခတ်မှုဖြစ်ပွါးသည်ကို မသိရသေးဘဲ အဆိုပါ ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သည့်နေရာတွင် မြန်မာ စစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ယမန်နေ့ကတည်းက စစ်ရေးတင်းမာမှုများရှိခဲ့ကြောင်းသိရသည်။

ယင်းအပြင် အဆိုပါ အနီးပတ်ဝန်းကျင်တွင် မြန်မာစစ်တပ်၊ ရက္ခိုင့်တပ်တော် AA၊ ARSA လက်နက်ကိုင်အဖွဲ့တို့ လှုပ်ရှားမှုရှိကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွါးမှုကို အသေးစိတ် သိရှိနိုင်ဖို့ ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ယင်းပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ဒေသခံကျေးရွာသားများအနေဖြင့် ထွက် ပြေး တိမ်းရှောင်ခြင်း မရှိသေးသော်လည်း တော၊ တောင် သို့ အလုပ်လုပ်ရန် မသွားရဲကြတော့ဘဲ ဖြစ်နေကြကြောင်း သိရှိရသည်။

ယင်းအပြင်ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီး ကျေးရွာသို့ ယနေ့ ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်သားများ ရောက်ရှိလာ၍ ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

အင်အား ၃၀ ခန့်ရှိသည့်စစ်ကောင်စီတပ်သားများသည် ပြားချောင်းကြီးကျေးရွာသို့ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ရောက်ရှိလာကြပြီး ၁၀ နာရီကျော် ဝန်း ကျင်တွင် ပြန်လည်ထွက်ခွာသွားကြသည်ဟု ကျေးရွာသားများက ပြောဆိုသည်။

ဓာတ်ပုံ- ပြီးခဲ့သည် ၂၀၂၂ ဖေဖော်ဝါရီ ၇ ရက်နေ့က မြန်မာ စစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ မောင်တောမြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာနှင့် မိုင်ဝက်လောက်အကွာမှာ တိုက်ပွဲတွေဖြစ်ပွါးခဲ့စဉ်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article